သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ပိုးကူးသူတွေထဲ ခရီးသွားနဲ့ ထိတွေ့မှတ်တမ်းမရှိသူတွေပါလာ၊ ပိုသတိထားဖို့လို


PPE ဝတ်စုံများ ဝတ်ထားတဲ့ ဝန်ထမ်းတချို့ (ဧပြီ ၀၉၊ ၂၀၂၀)
PPE ဝတ်စုံများ ဝတ်ထားတဲ့ ဝန်ထမ်းတချို့ (ဧပြီ ၀၉၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ထပ်တိုးလူနာတွေထဲက ပြည်ပခရီးသွားရာဇဝင် မရှိသလို ရောဂါဖြစ်ပွားနေသူနဲ့လည်း ထိတွေ့မှု မရှိထားဘဲ ကိုဗစ်ရောဂါဖြစ်လာသူ နှစ်ဦးရဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၁၀ နာရီထုတ်ပြန်ချက်ထဲမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ဦး ထပ်တိုးလာတာကို ဖော်ပြထားပါတယ်။ အဲဒီထပ်တိုးလူနာ ၁၁ ဦးထဲက လူနာနံပါတ် ၇၉ နဲ့ ၈၅ ဟာ ပြည်ပခရီးသွားထားတဲ့ ရာဇဝင်မရှိသလို၊ ကိုဗစ်ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခဲ့သူတွေ မဟုတ်ဘူးဆိုတာကို ထုတ်ပြန်ချက်အရသိရပါတယ်။

လူနာနံပါတ် ၇၉၊ အသက်၄၃နှစ် အရွယ် အမျိုးသားဟာ COVID-19 ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိဆိုတာနဲ့ ပြည်ပသို့ခရီးသွားရာဇဝင်မရှိလို့ ဖော်ပြထားပေမဲ့ ဒီလူနာဟာရန်ကုန်မြို့က ဟိုတယ်တခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး၊ ပြည်တွင်းခရီးသွားထားသူ ဖြစ်တယ်လို့ ဗဟန်းမြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနီနီသော်က ဗွီအိုအေကိုပြောပါတယ်။

“သူက Pan Pacific မှာ လုပ်တာပေါ့နော်။ အဲဒီမှာလည်း နည်းနည်းထိတွေ့မလား ထင်တာပြောတာပေါ့နော်။ အမတို့ကတော့ သေချာမသိဘူးလေ။ သူကနောက်ပြီးတော့ နယ်တွေလည်းပြန်သွားသေးတာပေါ့နော်။ ကြို့ပင်ကောက်ကရွာလေ သူ့မိန်းမဆီကိုလား မသိဘူး။ အဲဒီလိုမျိုးလေးတွေ ခရီးသွားထားတယ်ပေါ့နော်။ ပြည်တွင်းခရီးသွားပေါ့လေ အဲဒါလည်းရှိမယ်။ ဒီရန်ကုန်မှာလည်း သူ့ဟာနဲ့သူ အလုပ်သွားတာပြန်တာ ရှိမှာပေါ့နော်။ အတိအကျတော့ပြောလို့မရဘူးပေါ့နော်။ ခုဟာက တော်တော်များများ Case တွေက တက်လာပြီဆိုတော့ သူဘယ်သူနဲ့အနီးကပ်ထိတွေ့တာဆိုတဲ့ အသေးစိတ်ကတော့ ဆရာမတို့၊ လူနာကိုလည်း မေးလို့မရ။ မရသေးတာကလည်း သူ့ကိုဝေဘာဂီပို့ထားပြီပေါ့နော်။ ဟိုတယ်မှာလုပ်တာသိတယ်။ သူနယ်ကိုခရီးသွားတာသိတယ်။ အဲလောက်ပဲသိထားတယ်။”

ဒီလိုအခြေအနေမှာ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း နေထိုင်ဖို့လိုပြီး၊ ပြည်သူတွေစနစ်တကျလိုက်နာမှသာ ဒီရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဒေါက်တာနီနီသော်က အခုလိုဆက်ပြောပါတယ်။

“အဓိက ကတော့ ကိုယ့်ဟာကိုယ် Guideline အတိုင်းပဲ အိမ်မှာပဲနေမယ်။ အပြင်တတ်နိုင်သမျှမထွက်ဘူး။ အိမ်မှာလည်း သေသေချာချာလေး စနစ်တကျနေကြမယ်။ Mask တပ်မယ်။ အပြင်သွားရင် တအိမ်ကိုတယောက်ပဲ ကိစ္စရှိရင်ထွက်၊ ကျန်တဲ့သူတွေကတော့ အိမ်မှာပဲနေကြ အဲလိုမျိုးလေးတွေပေါ့နော်။ အားလုံးလိုက်နာရင်တော့ ဒီရောဂါကတော့ ထိန်းချုပ်နိုင်မယ်လို့ထင်တာပေါ့နော်။ အခုကျတော့ ဆရာမလည်း သတိထားမိတာ လူတွေတော်တော်များများက ဆရာမတို့ဘက်က ဘယ်လိုပဲပညာပေးပေး၊ ပိုစတာတွေလိုက်ဝေဝေ၊ ဗီနိုင်းတွေလိုက်ကပ် အကုန်လုံးကျန်းမာရေး ဝန်ထမ်းတွေ ဒီဗဟန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အကူအညီနဲ့ တော်တော်များများ လုပ်ထားတယ်။ ဒါပေမယ့် လူတွေကလိုက်နာမှုအားနည်းတယ်လို့ မြင်တာပေါ့နော်။ သူတို့လိုက်နာမှပဲ ဆရာမတို့အဆင်ပြေမှာလေ။ ဆရာမတို့က ပညာပေးရုံပဲရတယ်။ ဒီလိုလုပ်ပါ၊ ဒီလိုနေပါ ပြောလို့ရတယ်။ ဒါပေမဲ့ လူတွေမလိုက်နာတာတော့ တော်တော်ခက်တယ်။”

ဒီကနေ့မနက် ၁၀ နာရီ ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာပြည်တွင်းမှာ ရောဂါဖြစ်ပွားသူ ၈၅ဦးအထိရှိထားပါပြီ။ ရောဂါဖြစ်ပွားသူအများစုက COVID-19 ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားတဲ့ နောက်ဆက်တွဲထပ်တွေ့သူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ခရီးသွားရာဇဝင်မရှိသလို ရောဂါဖြစ်ပွားသူနဲ့ထိတွေ့မှု ရှိထားသူတွေထဲက မဟုတ်ဘဲ အတည်ပြုခံထားရတဲ့ လူနာတွေလည်း ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ကို ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ထပ်တလဲလဲသတိပေးနေတာပါ။

တောင်ဒဂုံမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်းကလည်း ညွှန်ကြားချက်တွေကို ပြည်သူတွေလိုက်နာပေးဖို့ တောင်းဆိုထားပါတယ်။

“တတ်နိုင်သလောက်တော့ လုံးဝမထွက်တာတော့ အကောင်းဆုံးပေါ့နော်။ ဒါပေမဲ့ မဖြစ်မနေဆိုရင်လည်း မြန်မြန်ထွက်ပြီး တယောက်တည်းလောက်ပဲ သွားတာကောင်းတယ်။ အုပ်စုလိုက်ဖွဲ့ပြီး လမ်းတွေပေါ်မှာ လျှောက်သွားနေတာတော့ သိပ်တော့မရှိတော့ပါဘူး။ တော်တော်တော့နည်းသွားပါတယ်။ ဒါပေမဲ့ ကျန်တော့ကျန်နေသေးတာပေါ့နော်။ ဒီညွှန်ကြားချက်တွေကို အတိအကျလေး လိုက်နာပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ဟုတ်ကဲ့ပါခင်ဗျ။”

ထပ်တိုးလူနာ နံပါတ် ၈၅ဖြစ်တဲ့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ အသက် ၇၇နှစ်အရွယ် အမျိုးသားဟာ ခရီးသွားရာဇဝင်နဲ့ ရောဂါဖြစ်ပွားထားသူတွေနဲ့ ထိတွေ့မှု မရှိထားပေမဲ့လည်း ဓာတ်ခွဲအတည်ပြုလူနာဖြစ်ရတဲ့အကြောင်းရင်းကို ဒေါက်တာမြတ်သူဝင်းက အခုလိုခန့်မှန်းပြောဆိုထားပါတယ်။

“သူနဲ့အတူတူနေ မိသားစုတွေ ရှိတယ်။ အတူနေ မိသားစုဝင်တွေက အပြင်ထွက်သွားလာ လုပ်ကိုင်နေတဲ့သူတွေ ပါနေတာပေါ့။ အဲဒီထဲကနေ ဖြစ်နိုင်တယ်လို့ ကျနော်တော့ ခန့်မှန်းကြည့်တာပေါ့နော်။ အဲတော့ အဲဒီသူနဲ့အတူနေမိသားစုဝင်တွေကို ကျနော်တို့က Quarantine Center တွေကိုပို့မယ်။ တချို့လည်းဆေးရုံတွေကို ပို့မယ်ပေါ့နော်။ သူတို့နဲ့အနီးကပ်နေခဲ့သူတွေကိုလည်း ပြန်ပြီးစိစစ်ရမှာပေါ့။ ဘယ်သူ့ဆီမှာထပ်ပြီး ရှိနိုင်သေးလဲပေါ့။”

ထပ်တိုးလူနာတွေများလာသလို ဒီလူနာတွေနေထိုင်ခဲ့တဲ့ အိမ်နဲ့ လမ်း၊ ရပ်ကွက်တို့ကိုပါ အသွားအလာကန့်သတ်ပြီး ထိတွေ့မှု ရှိထားသူတွေကို သီးခြားထားရှိပြီး စောင့်ကြည့်မှုတွေကို ပြုလုပ်နေကြတာပါ။

မြန်မာနှစ်သစ်ကူးကာလမှာ ပြည်တွင်းမှာဒီရောဂါဖြစ်ပွားနှုန်း တက်လာတဲ့အခြေအနေ ရှိနိုင်လို့ ဒါတွေကိုထိန်းချုပ်ကာကွယ်ဖို့အတွက် အာဏာပိုင်တွေက ဆောင်ရွက်နေချိန် ထုတ်ပြန်ထားတဲ့ရှောင်ရန်ဆောင်ရန် ညွှန်ကြားချက်တွေကိုလည်း ပြည်သူတွေအနေနဲ့ အတိအကျလိုက်နာဖို့က အရေးကြီးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း သိန်း ၂၀ ကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့်သေဆုံးသူ ၁၃၀,၀၀၀ ကျော် ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၅၂၀,၀၀၀ ကျော်ရှိထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG