သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကန့်သတ်မိန့် မဖြစ်မနေထွက်ခွင့်ရလုပ်ငန်းတွေ ထပ်တိုး


ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် မြင်ကွင်း။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)
ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် မြင်ကွင်း။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့ လိုအပ်ချက်အရ ထွက်ခွင့်ပြုတဲ့သူ စာရင်းကိုထပ်တိုးပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ခရီးသွားရာဇဝင်မရှိတဲ့အပြင် ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိဘဲ ရက်ပိုင်းအတွင်း ထပ်တိုးလူနာသစ်တွေ များလာတဲ့ ရန်ကုန်တိုင်းမှာ မိမိနေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ်ချမှတ်ထားပြီး မဖြစ်မနေကိစ္စတွေကြောင့် အပြင်ထွက်ခွင့်ရသူ စာရင်းကို ထပ်တိုးပေးလိုက်ပါတယ်။ အဲဒီထဲမှာ ဘဏ်လုပ်ငန်းတွေနဲ့ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းအပါအဝင်၊ ကယ်ဆယ်ရေးလေယာဉ်ပို့ဆောင်ရေးနဲ့ ဆက်စပ်လုပ်ကိုင်နေသူတွေအပြင်၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေကို အပြင်ထွက်ခွင့်ပြုလိုက်တာပါ။

ရန်ကုန်တိုင်းတွင်းပိုးတွေ့လူနာဦးရေဟာ၂၀ ရက်နေ့တုန်းက ၅၀၀ ကျော်အထိရှိခဲ့ပေမဲ့ ဒီကနေ့ မနက်ပိုင်းတွေ့ရှိပြီးချိန်ထိဆို ပိုးတွေ့လူနာဦးရေ တဖြည်းဖြည်း ကျဆင်းနေလို့ လိုအပ်တဲ့လုပ်ငန်းတွေမှာ ဆောင်ရွက်နေသူတွေကို ထပ်တိုးခွင့်ပြုလိုက်တာဖြစ်တယ်လို့ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးသူတွေ တိုးလာနေတာကြောင့် ရန်ကုန်ကို ဝင်ထွက်သွားလာမှုတွေ ပိတ်ပင်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဒီလိုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ပြောပါတယ်။

“Lockdown လုပ်ဖို့ အစီအစဉ် မရှိပါဘူး။ နေ့စဉ်အတွက် မရှိမဖြစ်တဲ့ကိစ္စရပ်တွေ ဒါတွေကိုလည်း ထပ်ဖြည့်ပြီးတော့ လိုအပ်တဲ့ကိစ္စရပ်တွေပေါ့နော်။ Relief Flight မှာ သွားတဲ့ကူညီရမယ့်ကိစ္စရပ်တွေ၊ ဒါနဲ့ဆိုင်တဲ့ကိစ္စရပ်တွေ၊ နောက်တခုကကျတော့ Mobile နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာဆိုရင်ပြုပြင်၊ ပြင်ဆင်တဲ့ကိစ္စရပ်တွေ စသဖြင့် ဒါမျိုးလေးတွေ အသေးစိတ်တော့ ပါပြီးဖြစ်ပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ မွန်းလွဲပိုင်းထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာဓာတ်ခွဲအတည်ပြုလူနာ ၆,၉၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၁၂၉ ဦးရှိပါတယ်။ ရောဂါပိုးကင်းစင်လို့ ဆေးရုံဆေးခွင့်ရသူကတော့ ၁,၉၀၀ ကျော်အထိ ရှိထားပြီးဖြစ်ပါတယ်။

ဒီကနေ့ဓာတ်ခွဲအတည်ပြုလူနာထဲမှာ မွေးကင်းစအရွယ် ၈ ရက်သားကလေးငယ်တဦးပါ ပါဝင်လာပြီး ပဲခူးကလိဆေးရုံမှာ ထားရှိပြီး ကုသမှုပေးနေပါတယ်။ ကလေးငယ်ဖြစ်သူဟာမိခင်ဆီကနေ ရောဂါပိုးကူးစက်ခံရတာဖြစ်ပြီး မိခင်ဖြစ်သူကတော့ သေဆုံးသွားပြီဖြစ်တယ်လို့ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ပြည်တွင်းကူးစက်ခံရသူတွေထဲ ရက်သားကလေးငယ်ပါ ပါဝင်နေပြီး အိမ်နီးချင်းနိုင်ငံတွေမှာပါ ကပ်ရောဂါကူးစက်နှုန်း တိုးနေတဲ့အခြေအနေဖြစ်လို့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို တိတိကျကျလိုက်နာကြဖို့ ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“ပြည်သူလူထုအနေနဲ့ ဒီရောဂါကြောင့် အခုလက်ရှိမှာဆိုရင် ကမ္ဘာပေါ်မှာရောဂါကူးစက်သူဟာ ၃၁ သန်းခွဲဖြစ်ပြီးတော့သေဆုံးသူက ၉၇၀,၀၀၀ ကျော်ဖြစ်ပါပြီ။ ၁,၀၀၀,၀၀၀ နီးနီးကပ်တော့မှာ ဖြစ်ပါတယ်။ ဒါဟာစိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကြည့်လိုက်မယ်ဆိုရင် ကျမတို့နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံမှာဆိုရောဂါပိုးတွေ့ရှိမှုက ၃၅ ရာခိုင်နှုန်းတိုးလာပြီးတော့ သေဆုံးမှုက ၂၅ ရာခိုင်နှုန်းရှိနေတယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ အရှေ့တောင်အာရှဟာ ဥရောပဒေသပြီးလို့ရှိရင် ဒုတိယထိခိုက်မှုအများဆုံးဖြစ်တယ်ဆိုတာကို သိရှိစေချင်ပါတယ်။ အခုလက်ရှိလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေကတော့ Stay at Home လုပ်ထားတဲ့ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ဆိုရင် သေသေချာချာ Stay at Home လိုက်ပါဆောင်ရွက်ဖို့ဖြစ်ပါတယ်။"

အိမ်နီးချင်းနိုင်ငံတွေထဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ကပ်ရောဂါကြောင့် သေဆုံးသူအများဆုံးရှိနေပြီး ပြည်သူတွေ မပေါ့ဆဖို့ကို ထပ်ပြီးသတိပေးနေတာပါ။မဖြစ်မနေ အပြင်သွားရတော့မယ်ဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်တာနဲ့ လူစုလူဝေးကိုရှောင်ပြီးတဦးနဲ့ တဦး ခြောက်ပေအကွာမှာရှိနေဖို့က အခြေခံအကျဆုံး လိုက်နာရမယ့်အချက်တွေဖြစ်နေပြီး ဒါတွေကိုသေချာဆောင်ရွက်မှသာ ကူးစက်နှုန်းကို အလျင်အမြန်ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြုံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG