သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလရခိုင်တိုက်ပွဲ ဒေသခံထောင်ဂဏန်းထပ်မံထွက်ပြေး


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နောက်ထပ် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ ဆက်တိုးနေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ၊ ထိခိုက်သေဆုံးမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ကြုံနေရတဲ့ ကျောက်တော်မြို့နယ်မှာဆိုရင်လည်း လုံခြုံရေး စိုးရိမ်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အများအစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

"အခုလက်ရှိကတော့လေ ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကျေးရွာ ၇ ရွာလောက်က လူတွေက နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးနေထိုင်နေကြတယ်။ သူတို့အနေနဲ့ နေရေး ထိုင်းရေ အရမ်းခက်ခဲနေကြ တာပေါ့နော်။ အခုက COVID ကာလဆိုတော့ ပိုပြီးတော့ အခက်အခဲရှိပါတယ်ခင်ဗျာ။ လောလောဆယ် ထွက်ပြေးနေရတာတော့ လူဦးရေ ၄,၀၀၀ လောက်ရှိပါတယ်ခင်ဗျာ။"

ကျောက်တော်မြို့ရဲ့ မြောက်ဘက် ကုလားတန်မြစ်အရှေ့ကမ်းမှာ တည်ရှိတဲ့ ကျေးရွာတွေမှာလည်း လုံခြုံရေး စိုးရိမ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ သာစည်ရွာသားတစ်ဦးက ပြောပါတယ်။

"မနေ့ကတည်းက ထွက်ပြေးတာပါခင်ဗျာ။ ဘာဖြစ်လို့ ထွက်ပြေးကြလဲဆိုတော့ မြန်မာ့တပ်မတော်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာတွေ ရွာထဲကိုဝင်ပြီးတော့ ဖမ်းဆီး စစ်ဆေးတာတွေရှိတော့ အဲဒါကြောင့် ရွာသူရွာသားတွေက အကုန်လုံးကြောက်လန့်ပြီးတော့ နီးစပ်ရာရွာကို ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတဲ့နေရာမှာ လူတွေကတော့ အများကြီးပဲ။ ကျနော်ခန့်မှန်းရသလောက် ကတော့ လူ ၅,၀၀၀ လောက်ရှိမယ်ထင်တယ်။ သာစည်ရယ် ရွှေပြည်သစ်ရယ် အကုန်လုံးပေါ့ဗျာ။"

ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ဒီအထဲက တချို့ကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ကျောက်တော်ဒေသခံ ဦးကျော်လှမြင့်က ပြောပါတယ်။

"အခုကျနော်တို့ သိရသလောက်ကတော့ ကျောက်တော်မြို့နယ်မှာ ဆေးကုသမှုခံယူနေတဲ့လူတွေ ကတော့အမျိုး သမီးတစ်ဦးရယ် နောက် သင်္ဂနက်ကျေးရွာဘက်က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်ခင်ဗျာ။"

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်တင်များလာနေတဲ့ ရခိုင်ပြည်နယ်မှာ အခုဆိုရင် ခန့်မှန်းချေ ဒေသခံ ၂၀၀,၀၀၀ ကျော် စစ်ဘေးကနေ တိမ်းရှောင်နေကြရသလို နောက်ထပ်လည်း ထွက်ပြေးနေဆဲ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအများ အစည်းအရုံး REC ရဲ့စစ်တမ်း မှာဖော်ပြထားပါတယ်။

အခုလို ကပ်ရောဂါဘေး ကြုံနေရတဲ့ အချိန်မျိုးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဖို့လိုတယ်လို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

"လူတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ကျနော်တို့လည်း အမြဲတမ်းပြောနေပါတယ်ပေါ့နော်။ ဒီကာလတွေမှာ အပစ်ရပ်စဲထားဖို့အတွက် တိုက်ပွဲတွေ လျှော့ချထားဖို့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ပေါ့နော်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဒီအချိန်မှာတော့ စာနာထောက်ထားပေးပါဆိုပြီးတော့ပြောတာ ရှိပါတယ်။ ဒါပေမဲ့ မဖြစ်လာသေးဘူးပေါ့နော်။ ဆိုတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတဲ့ အခြေအနေမှာရှိပါတယ်။"

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ မနေ့တုန်းကပဲ ထပ်မံတိုက်တွန်းထားပါတယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG