သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လူနာကုသမှု အမေရိကန်ဆေးရုံ အတွေ့အကြုံ


နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတဦးအား အရေးပေါ်ကားဖြင့် ဆေးရုံသို့ ခေါ်ဆောင်နေသည့်မြင်ကွင်း။ (မတ် ၂၄၊ ၂၀၂၀)
နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတဦးအား အရေးပေါ်ကားဖြင့် ဆေးရုံသို့ ခေါ်ဆောင်နေသည့်မြင်ကွင်း။ (မတ် ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် အများဆုံးဖြစ်လာတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူနာတွေ အစုလိုက်အပြုံလိုက် ရောက်လာတဲ့အတွက် နေရာချထားရေး အခက်အခဲတွေ၊ အရေးပေါ် စက်ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနွယ်ဖွား အထူးကုသူနာပြု မသီတဂူကျော်မြင့်က ဗွီအိုအေကို ပြောပါတယ်။

ရောဂါပိုးကူးဖို့ ၅၀ ရာခိုင်နှုန်း ရှိနေပေမယ့်လည်း အန္တရာယ်ကိုရင်ဆိုင်ပြီး ဆရာဝန်တွေ၊ သူနာပြုတွေဟာ ရှေ့တန်းကနေ အစွမ်းကုန် ကြိုးပမ်း ပြုစုကုသပေးနေကြတာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ Sharp Memorial ဆေးရုံ COVID-19 တုံ့ပြန်မှု ကုသရေးအဖွဲ့ဝင် မြန်မာနွယ်ဖွား အထူးကုသူနာပြု မသီတဂူကျော်မြင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

မသီတဂူကျော်မြင့် - “အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ Result တွေကို Test လုပ်တဲ့ဟာက ဆေးရုံမှာမရှိဘူးဖြစ်နေတာ အမေရိကန်မှာ ဖြစ်နေတဲ့ကိစ္စက။ အကုန်လုံး Test တွေကို သူတို့ရဲ့ ပါးစပ်တွေ နှာခေါင်းတွေထဲမှာ Test ကို ယူသွားပြီးပြီဆိုရင် အပြင်က ဓာတ်ခွဲခန်းကို ပို့ရတယ်။ ပို့ရတဲ့အခါကြတော့ အရင်အပတ်ကဆိုရင် အဲဒါက တပတ်နီးပါး ကြာတယ်။ ဗုဒ္ဓဟူးနေ့က ပို့လိုက်တာ တနင်္ဂနွေနေ့မှ ပြန်ရောက်လာတယ်။ သူတို့တွေအကုန်လုံးကို ဘယ်လိုကုသရလဲ ဆိုတော့ သူတို့ကို ကိုဗစ် ဖြစ်နေတယ်လို့ သဘောထားပြီးတော့ပဲ ကုသရတယ်။ ဒါပေမယ့် အဖြေထွက်ပြီးသားလူတွေ အရမ်းအခြေအနေဆိုးတဲ့ လူတွေကြတော့ ICU ကို ပို့ပြီးတော့မှ ဆက်တိုက် ကြည့်ရှုပြီး ကုသရတဲ့ဟာတွေပါ။”

မအင်ကြင်းနိုင် - အဲဒီလူနာတွေက ဆေးရုံကို ရောက်လာတဲ့အခါမှာ ဘာတွေနဲ့ အရင်ဆုံး ကုသပေးရလဲ။

မသီတဂူကျော်မြင့် - “အဆုတ်နဲ့နှလုံး၊ ဘာဖြစ်လို့လဲဆိုတော့ အဆုတ်က အနည်းဆုံး ၂ နာရီကနေ ၄ နာရီခြားတခါ Nebulizer Treatment လို့ခေါ်တဲ့ နှာခေါင်းကနေ Treat လုပ်တဲ့ဟာ Respiratory Therapist တွေပေါ့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပညာရှင်တွေ အနီးကပ်ကို အဓိက Treat လုပ်တယ်။ နောက်တခုက အခု သူတို့သုံးနေတာက ငှက်ဖျားရယ်၊ နမိုးနီးယားရယ်၊ မလေးရီးယားရယ် အဲဒီဟာတွေရဲ့ ဆေးနဲ့ Anti viral နဲ့ အဓိကကုပါတယ်။ တော်တော်များများတော့ ပိုပြီးကျန်းမာလာတယ်။ အရင်တုန်းက ထင်တာတော့ အဘိုးကြီး အဘွားကြီးတွေပဲ ဖြစ်မယ်ထင်နေတာ။ ဒါပေမယ့် ဒီတပတ်မှာ တွေ့တဲ့လူတွေက အသက် ၄၀ တယောက်ရှိတယ်၊ အသက် ၂၈ နှစ်အရွယ်ရှိတယ်။ နောက်တယောက်ကတော့ စိတ်ရောဂါကု Nurse တယောက်၊ သူထင်တာတော့ သူရတာ Homeless ပေါ့၊ အိမ်ရာမရှိတဲ့သူတွေကို သူတို့တွေက စိတ်ရောဂါ သွားသွားကုသရတယ်၊ သူ အဲဒီကနေ ရတယ်လို့ ထင်တယ်လို့ ပြောတယ်။

“အဘိုးကြီး အဘွားကြီးတွေက အိမ်ကနေ အရမ်းဝေးနေတယ်၊ သူတို့က အပန်းဖြေသွားတဲ့ သင်္ဘောပေါ် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တက်သွားပြီးတော့မှ အဲဒီကနေ နမိုးနီးယား ရပြီးတော့ ဆေးရုံတက်လာကြတာ။ ရောဂါလက္ခဏာတွေ တော်တော်များများတော့ တူတယ်။ ချောင်းဆိုးတယ်၊ ခန္ဓာကိုယ်တွေ ကိုက်လာတယ်၊ နာလာတယ်၊ နမိုးနီးယားနဲ့ တော်တော်တူတယ်။”

မအင်ကြင်းနိုင် - ညီမတို့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေ ရုတ်ချည်း များလာတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေရော လုံလုံလောက်လောက် ရှိလား။

မသီတဂူကျော်မြင့် - “အရင်အပတ်ကတော့ ပစ္စည်းတွေက ရောက်လာတာ သိပ်မရှိတော့ဘူး၊ သူတို့ တွက်ကြည့်လိုက်တဲ့အချိန်မှာ ပစ္စည်းတွေက ကုန်တော့မယ်လို့ ပြောတယ်။ အဲဒါကြောင့် Nurse တွေ ဒေါက်တာတွေကို ပစ္စည်းတွေ ချွေတာကြပါ၊ အရမ်းကြီး အပိုမသုံးကြပါနဲ့လို့ ပြောတယ်။ ဒီနေ့ ဆေးရုံက ရေဒီယိုကနေ ကြေညာလိုက်တယ်၊ လူတွေအကုန်သိအောင်။ အိမ်မှာ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ ဝယ်ထားတဲ့လူတွေရှိရင် လာပြီးတော့ လှူဒါန်းနိုင်တယ်၊ လှူဒါန်းပေးကြပါဆိုပြီး မေတ္တာရပ်ခံတဲ့အချိန်မှာ ဒီနေ့ လူတွေ အများကြီးပဲ လှူသွားကြတယ်။ အဲဒါကြောင့် အခုဆို လုံလောက်သွားပြီလို့ ပြောတယ်။”

မအင်ကြင်းနိုင် - အခုလို ရှေ့တန်းကနေ ဗိုင်းရပ်စ်ကူးစက်နေတဲ့ လူနာတွေကို အနီးကပ်ကုသ စောင့်ရှောက်နေရတဲ့ အခါကြတော့ ညီမတို့ ကိုယ့်ဟာကိုယ် စိုးရိမ်ချက်တွေရော ဘယ်လိုရှိလဲ။

မသီတဂူကျော်မြင့် - “စိုးရိမ်တာပေါ့။ အိမ်ကိုပါလာမှာလည်း အရမ်းစိုးရိမ်တယ်။ ဆေးရုံမှာကြတော့ ICU က ညီမတကယ်အလုပ်လုပ်တဲ့ ဌာနမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ဌာနကို ပြန်လာပြီးတော့ ထမင်းတွေ ဘာတွေ ပြန်စားတာတို့၊ အိတ်တွေ ဘာတွေ ပြန်ယူတာတို့ဆိုရင် ကိုယ် အလုပ်လုပ်တဲ့လူတွေကိုလည်း ပေးမိမှာစိုးတယ်။ အစားကလည်း အရမ်းစားရတယ်၊ အားဆေးတွေလည်း သောက်ပေါ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်နိုင်ချေက ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ရှိတယ်ဆိုတော့။”

ဆန်ဒီယေဂိုက အထူးကုသူနာပြု မသီတဂူကျော်မြင့်ကို မအင်ကြင်းနိုင် Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)













XS
SM
MD
LG