သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ရေး စီမံခန့်ခွဲသူတွေ ဂရုစိုက်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

(Zawgyi / Unicode)

ဝန်ကြီးချုပ်တွေ အပါအဝင် ဘယ်သူမှ COVID ရောဂါပိုး မကူးစက်ဘဲ ရောဂါပြီးတယ်ဆိုတာ မရှိတာကြောင့် အားလုံး စည်းကမ်းလိုက်နာပြီး အထူးဂရုစိုက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ရေးထားပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်းကို မနေ့ကစပြီး လုပ်ဆောင်တာမှာ COVID ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရတယ်ဆိုပြီး ပြောထားပါတယ်။ ဒီလိုထပ်မဖြစ်ဖို့အတွက် စီမံခန့်ခွဲသူတွေ အထူးဂရုစိုက်ပါလို့လည်း သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူဘယ်ဝါရယ်လို့ နာမည်ရာထူးနဲ့တကွ အတိအကျ ဖော်ပြမထားပါဘူး။ မနေ့တုန်းကတော့ ရိက္ခာဖြန့်ဖြူးတာကို ကိုယ်တိုင်ဝင်လုပ်တဲ့ တာဝန်ရှိသူတွေဟာ လူတွေကြားထဲမှာ အနီးကပ် ထိစပ်ပြီး ပေးဝေနေတဲ့ပုံတွေ ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတာကြောင့် ဝေဖန်ပြောဆိုကြတာတွေ ရှိထားပါတယ်။

အခုလက်ရှိ quarantine ကာလကို ၁၄ ရက် သတ်မှတ်ထားတာမှာ အဲဒီရက်လွန်တော့မှ ရောဂါလက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကာလကို ၂၁ ရက်ထိ ထပ်တိုးရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးထားပါတယ်။

အိမ်မှာ သီးခြားခွဲနေသူတွေ မပေါ့ဆကြဖို့ သတိပေးထားတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက်တွေကို အသေချာ လေ့လာ လိုက်နာပါလို့လည်း မှာကြားထားပါ တယ်။

ထိုင်းနိုင်ငံကနေ ပြန်လာသူ အရေအတွက်ဟာ သီတင်းနှစ်ပတ်ကျော်အတွင်း တသိန်းခွဲကျော်သွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရေးထားပြီး ရောဂါကူးစက်ထားသူတွေ နောက်သီတင်းပတ်အတွင်း ပေါ်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်။

အရေအတွက် ဘယ်လောက်အထိ များမယ်ဆိုတာ ခန့်မှန်းလို့ မရသေးတဲ့အကြောင်း၊ အစိုးရအနေနဲ့ကတော့ ပြည်သူတယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန် ချထားတဲ့အကြောင်းနဲ့ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကူညီပေးကြပါလို့ ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူအဖြစ် ဓာတ်ခွဲအတည်ပြုထားပြီးသား အရေအတွက်က အခုချိန်ထိဆိုရင် ၂၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီထဲက ၂ ယောက် ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး ၃ ယောက်ကတော့ ကွယ်လွန်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)










XS
SM
MD
LG