သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်နဲ့ အနီးတဝိုက် အသွားအလာတွေပိတ်ဖို့ သမ္မတ Trump စဉ်းစားမည်


အမေရိကန်သမ္မတ Donald Trump. (မတ် ၂၈၊ ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump. (မတ် ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက် ပျံ့နှံ့နေရာ နယူးယောက်ပြည်နယ်နဲ့ ဆက်စပ်ဧရိယာတွေကို အဝင်အထွက်ပိတ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့ နေ့ခင်းပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းက တခြားဒေသတွေကို ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် နယူးယောက်၊ နယူးဂျာဆီနဲ့ ကော်နက်တီးကပ် ပြည်နယ်ထဲက ဒေသတချို့တို့ ပါနိုင်တယ်လို့လည်း သမ္မတက ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ သမ္မတ Trump က ဗာဂျီးနီးယားပြည်နယ် Nrofolk က ရေတပ်ဆေးရုံသင်္ဘောကို စနေနေ့မှာ နယူးယောက်ကို စေလွှတ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဘေးဒဏ် အကြီးအကျယ် ခံစားနေရတဲ့ နယူးယောက်ပြည်နယ်တွင်း ကျန်းမာရေး စောင့်ရှောက်မှုမှာ ကူညီဆောင်ရွက်ဖို့အတွက် ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ပျံ့နှံ့နေရာ နယူးယောက်မှာ ကူးစက်ခံ လူနာပေါင်း စနေနေ့က ၂၇,၀၀၀ နီးပါး ရှိနေပါတယ်။

ရေတပ်ဆေးရုံသင်္ဘော USNS Comfort က နယူးယောက်ကို တနင်္လာနေ့မှာ ဆိုက်ရောက်ဖို့ရှိနေပြီး COVID-19 လူနာ မဟုတ်သူတွေအတွက် ကုတင် ၁,၀၀၀ ကျော် လက်ခံနိုင်မှာဖြစ်ပြီး နောက်ထပ်လည်း လူနာတွေအတွက် ကုတင်တွေ ထပ်မံတိုးချဲ့နိုင်မှာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပိုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်စံတော်ချိန် စနေနေ့ နေ့ခင်းပိုင်းအထိ ကူးစက်ခံရသူ စုစုပေါင်း ၁၂၀,၀၀၀ နီးပါးနဲ့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အမေရိကန်နောက်မှာ ရှိနေတဲ့ အီတလီနိုင်ငံကတော့ စနေနေ့မှာ ဗိုင်းရပ်စ် လူနာအသစ် ၉၀၀ ကျော် ထပ်မံရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၈၇,၀၀၀ နီးပါးကို ရောက်ရှိနေပါပြီ။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG