သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ဖိလစ်ပိုင်မှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာမည်


(Zawgyi/Unicode)

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် အရေးပေါ် အခြေအနေ ကြေညာမယ့် ဥပဒေ မူကြမ်းကို ဖိလစ်ပိုင် ကွန်ဂရက် လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ အရေးပေါ် အခြေအနေဟာ ၃ လတာ ကြာမြင့်မှာ ဖြစ်ပြီး လိုအပ်ရင် ကွန်ဂရက်က သက်တမ်း တိုးပေးနိုင်ပါတယ်။

ဒီအရေးပေါ် ဥပဒေက ဗိုင်းရပ်စ် ပျံ့နှံ့တာကြောင့် ထိခိုက်နစ်နာနေတဲ့ မိသားစုပေါင်း ၁၈ သန်းနဲ့ ပုဂ္ပလိက ဆေးရုံတွေကို ငွေကြေး ပဏာမ အမြောက်အမြားနဲ့ အကူအညီ ပေးနိုင်ဖို့ သမ္မတကို အခွင့်အာဏာ ပေးအပ်မှာပါ။ ဥပဒေ အရ သမ္မတ Rodrigo Duterte အနေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက် အသုံးစရိတ်ကို ပြန်လည် ခွဲဝေ အသုံးပြုနိုင်မှာ ဖြစ်သလို ရောဂါ ခြေချုပ်နဲ့ သီးသန့်ခွဲခြားနေဖို့ ညွှန်ကြားချက်ကို မလိုက်နာသူတွေကိုလည်း အရေးယူ နိုင်မှာ ဖြစ်ပါတယ်။ ရောဂါ ပျံ့နှံ့မှု မမှန်သတင်း ထုတ်လွှင့်နေတာတွေ အပေါ်မှာလည်း အပြစ်ပေးနိုင် ပါတယ်။

သမ္မတ Duterte ရဲ့လူတွေ အများစု ဖြစ်တဲ့ ဖိလစ်ပိုင် အထက်နဲ့ အောက်လွှတ်တော်က အမတ်တွေဟာ တနင်္လာနေ့ည သန်းခေါင်းယံ အထိ ဥပဒေ မူကြမ်း အတည်ပြုနိုင်ဖို့ ဆွေးနွေးခဲ့ရာမှာ အမတ်အများစုက အွန်လိုင်းကနေ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ သမ္မတ Duterte က မကြာခင် ဒီ ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မြို့တော် မနီလာ အပါအဝင် လူပေါင်း သန်း ၅၀ ရှိတဲ့ လူဇုံ ကျွန်းကို သမ္မတ အမိန့်နဲ့ အသွားအလာ ပိတ်ပစ်လိုက်ပြီ ဖြစ်သလို လူ အများစုကို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။ ကျောင်းတွေ၊ အလုပ်တွေကိုလည်း တစ်လကြာ ပိတ်ပင်ထားလိုက်ပါတယ်။

အတိုက်အခံ အထက် လွှတ်တော်အမတ် Francis Pangilinan ကတော့ ဒီ ဥပဒေကြမ်းမှာ အာဏာအလွဲသုံးစားလုပ်မှာတွေကို အကာအကွယ် ပေးထားတယ်ဆိုပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို သမ္မတ သိမ်းယူခွင့်စာပိုဒ်ကို ကန့်ကွက်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အင်္ဂါနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၅၅၂ ခုတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၅ ယောက် ရှိပါတယ်။ လူနာ ၂၀ က ပြန်လည် သက်သာလာပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)







XS
SM
MD
LG