သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ COVID-19 ကူးစက်သူ ၆ ဦးထပ်တွေ့


ရန်ကုန်မြို့က Quarantine စင်တာတခုမှာ ပြည်ပက ပြန်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေကို ပိုးသတ်ဆေးဖျန်းနေသူနှစ်ဦး။ (မေ ၈၊ ၂၀၂၀)
ရန်ကုန်မြို့က Quarantine စင်တာတခုမှာ ပြည်ပက ပြန်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေကို ပိုးသတ်ဆေးဖျန်းနေသူနှစ်ဦး။ (မေ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ် ၆ ဦး ထပ်မံတွေ့ရှိကြောင်းနဲ့ အခုဆိုရင် မြန်မာနိုင်ငံတဝန်းမှာ ဒီရောဂါကူးစက်သူ ၄၅၀ အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ပါတယ်။

စစ်တွေပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲနမူနာ ၄၁ ခု အပါအဝင် ဓာတ်ခွဲနမူနာ ၉၀၅ ခုကို ဒီနေ့ စစ်ဆေးတာမှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၆ ယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ် ၂၃ ရက် ည ၈ နာရီထုတ်ပြန်ချက်။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ် ၂၃ ရက် ည ၈ နာရီထုတ်ပြန်ချက်။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)

အခုရောဂါပိုးတွေ့ရှိတဲ့ ၆ ယောက်စလုံးဟာ အမျိုးသမီးတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၄၇ နှစ်ကြား ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ ၆ ယောက်စလုံး ပြည်ပ ခရီးသွားရာဇဝင် မရှိပေမယ့် လူနာအမှတ် ၄၄၆ ကတော့ ရောဂါအတည်ပြုလူနာ ၂ ယောက်နဲ့ ထိတွေ့မှုရှိသူဖြစ်တယ်လို့ ပြောပါတယ်။

ဒီထဲက ၅ ယောက်ကတော့ ရောဂါကူးစက်နိုင်ချေများတဲ့ အုပ်စုထဲမှာ ပါဝင်သူတွေဖြစ်ပြီး ၁ ယောက်က စောင့်ကြည့်လူနာ ဖြစ်ပါတယ်။ သူတို့ ၆ ယောက်စလုံးကို စစ်တွေ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ပြည်တွင်းကူးစက်သူ ၁ ယောက်ကို တွေ့ရှိရာကနေ စစ်တွေမြို့မှာ ကူးစက်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

အခုလို စစ်တွေမြို့မှာ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားသလို မန္တလေး-စစ်တွေ မော်တော်ယာဉ်လိုင်းတွေကိုလည်း ရပ်နားထားပါတယ်။ စစ်တွေမြို့ကနေ မန္တလေးတိုင်းကို လာတဲ့လူတွေအနေနဲ့ ကွာရန်တင်း ၂၁ ရက် ဝင်ရမှာဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတွင်း ရောဂါအတည်ပြု လူနာဟောင်းတွေထဲမှာတော့ ၂ ကြိမ်ဆက် ပိုးမတွေ့သူ နောက်ထပ် ၃ ဦး ထပ်တွေ့တာကြောင့် ရောဂါသက်သာ ပျောက်ကင်းလာသူ ၃၄၁ ဦးရှိပြီး ဒီထဲက ၃၃၅ ဦးကို ဆေးရုံက ဆင်းခွင့်ပြုပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပြီး မနေ့ သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၂၈ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)










XS
SM
MD
LG