သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အတွက် ကိုဗစ် စမ်းသပ်ပစ္စည်းတွေနဲ့ ဆေးဝန်ထမ်း အင်အားဖြည့်


စစ်တွေမြို့ကို ရောက်ရှိလာတဲ့ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)
စစ်တွေမြို့ကို ရောက်ရှိလာတဲ့ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)

(Zawgyi / Unicode)

COVID-19 ရောဂါ ကူးစက်မှုတွေ ဒီရက်ပိုင်း တိုးလာနေတဲ့ ရခိုင်ပြည်နယ်ကို အရေးပေါ် ဆေးကုသ စမ်းသပ်စစ်ဆေးတဲ့ စက်တွေနဲ့အတူ အထူးကုဆရာဝန်ကြီးတွေ၊ ဆရာဝန်၊ သူနာပြုဆရာ ဆရာမတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေ ဒီကနေ့ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မြန်ရောဂါ ကူးစက်မှုက ရခိုင်ပြည်နယ်တွင်းမှာ အထူးသဖြင့် စစ်တွေမြို့ထဲ သြဂုတ်လ ၁၆ ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက်ဆိုသလို လူတွေအများအပြား ကူးစက်ခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တဲ့အတွက် ညမထွက်ရ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်ပြီး မြို့ကို Lock Down ချ နေအိမ်တွေထဲမှာပဲ ပြည်သူတွေနေကြဖို့ Stay at Home ညွှန်ကြားချက် ထုတ်တာ၊ နောက် ရခိုင်ပြည်နယ်ကနေတဆင့် ကူးစက်မှုတွေ မပြန့်ပွားရအောင် မြို့အဝင်အထွက်တွေကိုပိတ်ပြီး အသွားအလာ ကန့်သတ်တာတွေကို ဒေသအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် အစီအမံတွေနဲ့ ဆောင်ရွက်နေကြပါတယ်။

စစ်တွေမြို့ကို ရောက်ရှိလာတဲ့ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)
စစ်တွေမြို့ကို ရောက်ရှိလာတဲ့ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ။ (သြဂုတ် ၂၃၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)

ကမ္ဘာ့ကပ်ရောဂါကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျမ်းမာရေး ဆေးဝန်ထမ်း အင်အားတွေ အရေးတကြီး လိုအပ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဆီကို ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာတော့ မိမိတို့ဆန္ဒအလျောက် လာပြီး တာဝန်ထမ်းဆောင်ပေးကြမယ့် ရောဂါဗေဒ အထူးကု ဆရာဝန်ကြီးတွေ ဦးဆောင်တဲ့ ဆေးပညာရှင်အဖွဲ့ ရောက်ရှိသွားကြပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီနေ့ ၂၃ ရက်နေ့မှာ အထူးကုဆရာဝန်ကြီးတွေ ပြည်သူ့ကျန်းမာရေးက ဒုတိုင်းကျန်းမာရေးဦးစီးမှူးတွေ နောက် သမားတော်ကြီးတွေ နောက် ပိုးမွှားဗေဒ အဏုဇီဝဗေဒ ပညာရှင်တွေ နောက် သူနာပြုဆရာမကြီးတွေ လက်ထောက်ဆရာဝန်တွေ နောက် မေ့ဆေးဆရာဝန်တွေ အကုန်လုံး ပါဝင်ပါတယ်။ ၂၄ ယောက်ပေါ့နော်။ ၂၄ ယောက် မတိုင်ခင်မှာလည်း ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ အဖွဲ့ကလည်း စတွေ့ပြီး ၂ ရက်လောက်ကတည်းက ဆရာတို့အဖွဲ့က ကြိုတင်သွားပြီးတော့ လိုအပ်တာတွေကို ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ပေးနေကြပါတယ်။

“နောက် ဓာတ်ခွဲနမူနာတွေကို အကြောင်းကြောင်းကြောင့် NHL (The National Health Laboratory) ကိုပို့ဖို့ သိပ်များလွန်းနေတဲ့အခါမှာ အဖြေမြန်မြန်သိနိုင်အောင် စက် ၂ လုံးလည်းရှိတယ်။ အဲ့စက်တွေကို ကိုင်တွယ်စစ်ဆေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေ၊ စက်ပစ္စည်း ကိရိယာအတွက် လိုအပ်တဲ့ပစ္စည်းတွေ Samples ယူတဲ့အခါမှာ လိုအပ်တာတွေ အဆင်သင့် ပေးပို့ထားပြီး ဖြစ်ပါတယ်။ သူနာပြုစုစုပေါင်း ၅၆ ဦးကိုလည်း ရခိုင်ပြည်နယ် စစ်တွေမှာ ခေတ္တ တာဝန်ချထားပြီး ဖြစ်ပါတယ်။ လူအင်အားလည်း ဖြည့်ဆည်းချထားသလို လိုအပ်တဲ့ PPE တွေ ကျန်တဲ့ အထောက်အကူပြု ပစ္စည်းတွေ အကုန်လုံး ပေးပို့ထားပါပြီ။”

ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် စစ်တွေမြို့မှာ ပြည်ပ အသွားအလာ မရှိဘဲ ပြည်တွင်းကူးစက်မှု (Local Transmission) အဖြစ်နဲ့ လူထုကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုက အထူးမြန်ဆန်လျက် ရှိနေပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက် စာရင်းအရ ရက်ပိုင်းအတွင်းမှာကို ဓာတ်ခွဲအတည်ပြုလူနာ ၅၀ ကျော်အထိ စမ်းသပ်တွေ့ရှိခဲ့လို့ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုလက်ရှိမှာဆိုရင် ၁၆ ရက် ၈ လမှာ ပိုးစတွေ့တယ်။ နောက် ၁၈၊ ၁၉၊ ၂၀ တောက်လျှောက်တွေ့လာတာ။ စုစုပေါင်း ၆ ရက် ၇ ရက် အတွင်းလောက်မှာကို ပိုးတွေ့တဲ့လူနာက ၅၃ ဦးအထိ ရှိသွားတယ်။ အဲ့တော့ ရခိုင်မှာ အရင်ပိုးတွေ့ထားတဲ့လူနာ ၁၆ ယောက်ရှိထားတော့ စုစုပေါင်း ရခိုင်မှာ ပိုးတွေ့လူနာပေါင်း ၆၉ ယောက်ရှိသွားတယ်။ မနက်ကဆို ၈ ယောက်ထပ်တွေ့တယ်။ သံတွဲက ၂ ယောက်၊ မြောက်ဦးက ၂ ယောက်၊ စစ်တွေက ၄ ယောက်။ ဒါဆိုရင် ကူးစက်နှုန်းက အရမ်းမြန်တယ်၊ အရမ်းများနေတာကြောင့် အသွင်ပြောင်းပိုး ကူးစက်ပိုးကြီးများလား ဆိုတာကို သိရှိနိုင်ဖို့အတွက်လည်း ဆေးသုတေသန ဦးစီးဌာနက Genetic whole sequence လုပ်နိုင်ဖို့ မျိုးရိုးဗီဇ စစ်ဆေးဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတာပေါ့။

“ဒါကြောင့်မို့လို့ ပြည်သူလူထုကို အထူးသဖြင့် ရခိုင်မှာရှိတဲ့ ပြည်သူတွေကို အချက် ၈ ချက် လုပ်ဆောင်ပါဆိုပြီး နှိုးဆော်ထားတယ်။ Mask တပ်ဖို့၊ လက်ဆေးဖို့၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖို့၊ တယောက်နဲ့တယောက် ၆ ပေခွာဖို့၊ ပြီးရင် ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောပန်းတယ်၊ အနံ့အရသာ မရဘူးဆိုရင် ကျန်းမာရေးဝန်ထမ်းတွေဆီ အမြန်ဆုံးပြသဖို့၊ နောက် အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ကွာရမ်တင်းကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ချမှတ်ထားတဲ့ Stay At Home အစီအစဉ်တွေမှာ တိတိကျကျ လိုက်နာဆောင်ရွက်ပါ။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်မှာ Second Wave အကြီးကြီးမဖြစ်လာအောင် ပြည်သူလူထုအားကို လိုပါတယ်လို့ ပြည်သူလူထုကို နှိုးဆော်ထားတာ ရှိပါတယ်။”

မြို့အဝင်အထွက်တွေ ပိတ်ဆို့တားဆီး စစ်ဆေးနေတာ အသွားအလာတွေ ကန့်သတ်လိုက်တာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ စသဖြင့် စစ်တွေမြို့နဲ့ အနီးနားမြို့တွေမှာ အရေးပေါ် အစီအမံတွေနဲ့ ဆောင်ရွက်နေတဲ့အချိန် စစ်တွေကနေ ခရီးသွားပြီး အပြန်မှာ သံတွဲက ၂ ဦး ပိုးကူးစက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် စစ်တွေမြို့ခံတွေ အထိတ်တလန့် ဖြစ်လာနေကြတယ်လို့ စစ်တွေမြို့မှာ အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လူမှုအဖွဲ့ဖြစ်တဲ့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်အဖွဲ့က ဦးအောင်ဌေးက နောက်ဆုံးအခြေအနေ ပြောပြပါတယ်။

“ဟို ၂ ယောက်က စစ်တွေကနေ ၁၄ ရက်အတွင်းက အသွားအလာရှိခဲ့ပြီး တွေ့ခဲ့တယ်ဆိုတဲ့ သတင်းက တက်လာတယ်ဆိုတော့ အဲ့လိုမျိုးသာ တွေ့မယ်ဆိုရင် စစ်တွေတမြို့လုံးမှာ လုံးဝမမြင်ရတဲ့ ပိုးတွေ့တဲ့လူနာတွေ အများကြီး ရှိနေသလိုမျိုး ဖြစ်သွားတာပေါ့နော်။ အဲ့လိုမျိုးဆိုတော့ ပိုပြီးတော့ ကြောက်လန့်တကြား ဖြစ်ကုန်တာပေါ့။ အဲ့လိုမျိုးတွေ ခံစားနေရတာပေါ့နော်။ လောလောဆယ်ကတော့ စစ်တွေမှာ လူနာအယောက် ၁၀၀ လောက်အထိကို လုပ်ထားနိုင်တယ်ပြောတယ်။ နောက် အခု ဆရာဝန်အပါအဝင် သူနာပြု ၂၄ ယောက် ရောက်လာပြီဆိုတော့ အင်အားတွေ ပြည့်သွားတဲ့သဘော ရှိတာပေါ့။

“ဒါပေမယ့် အခုလိုမျိုး ဆက်တိုက် ၁၀ ယောက် ၁၆ ယောက် တောက်လျှောက်သာ တွေ့နေမယ်ဆိုရင် လိုက်နိုင်မယ့် အခြေအနေမျိုးတော့ မရှိဘူးပေါ့။ ဒါကြောင့် ဒီနေ့ည ၈ နာရီသတင်းကိုပဲ မတွေ့ပါစေနဲ့လို့ ဆုတောင်းပြီး လူတွေက စောင့်နေကြတာပေါ့။ နောက်ပြီးတော့ ဒီနေ့ဆိုရင် ပြည်သူတွေနဲ့ ပြည်သူ့ရဲတွေကြား သဟဇာတမဖြစ်တဲ့ ပုံစံမျိုး ဖြစ်သွားတာရှိတယ် စစ်တွေမှာ။ Mask မတပ်ဘဲ သွားတာတွေကို အတင်းဆွဲတင်ဖမ်းတဲ့ သဘောမျိုးတွေပေါ့နော်။ ဒါပေမယ့် ဒီမှာက Mask ဝယ်ရတာက ကျနော်တို့ဆီမှာ အတော်အခက်အခဲရှိတယ်။ တချို့ဆို Mask တခုကို ဝယ်ဖို့တောင် အဆင်မပြေ မတတ်နိုင်တဲ့ မိသားစုတွေ ရှိတယ်။ အဲ့လိုလူတွေကို နည်းနည်းသည်းခံပြီး သူတို့ကို ပညာပေးအနေနဲ့ သွန်သင်ပြီး လုပ်တာက ပိုကောင်းမယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်ခင်ဗျ။”

ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေည ၈ နာရီ သတင်းထုတ်ပြန်ချက်ထဲ နောက်ထပ် ဓာတ်ခွဲစစ်ဆေးမှုတွေအရ ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်ပခရီးသွားရာဇဝင် မရှိသူ ၆ ဦးမှာ ပိုးထပ်မံတွေ့ရှိပြီး သူတို့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခုဆိုရင် မြန်မာနိုင်ငံတဝန်းလုံး အတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူပေါင်း ပိုးတွေ့ရှိသူပေါင်း ၄၅၀ ဦးအထိ ရှိသွားပြီဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ကတော့ ၆ ဦးအထိ ရှိနေတာပါ။

အခုလို ကပ်ရောဂါ COVID-19 ရခိုင်မှာ ဖြစ်ပွားနေချိန် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် ထုတ်ပြန်ချက်တွေနဲ့ ပိုးကူးစက်မှုစာရင်းတွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ရေး စစ်ဘေးအန္တရာယ် အကြောင်းပြချက်နဲ့ ပိတ်ပင်ထားတဲ့ အင်တာနက်လိုင်းတွေကိုလည်း အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)















XS
SM
MD
LG