သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cox's Bazar က ဒုက္ခသည်တွေအတွက် အိန္ဒိယ အကူအညီထပ်ပေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နောက်ထပ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Harsh Vardhan Shringla က တနင်္လာနေ့မှာ ပေးအပ်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေးဝန်ကြီး Mofazzel Hussain Chowdhury Maya ကို ကူညီရေးပစ္စည်းတွေ ဖြစ်တဲ့ SKO ရေနံဆီ လီတာပေါင်း ၁.၁ သန်းကျော်နဲ့ ရေနံဆီမီးဖို အလုံးပေါင်း ၂၀,၀၀၀ ကို အိန္ဒိယသံအမတ်ကြီးက Cox’s Bazar မှာ လွှဲပြောင်း ပေးအပ်မှာ ဖြစ်ကြောင်း Dhaka မြို့တော် အိန္ဒိယသံရုံးက ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရာမှာ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယ အစိုးရက ပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ထဲက တတိယအသုတ်ဖြစ်ပါတယ်။

၂၀၁၇ စက်တင်ဘာလဆန်းတုန်းကလည်း အိန္ဒိယ အစိုးရက ပထမအသုတ်အနေနဲ့ ကယ်ဆယ်ကူညီရေး ပစ္စည်း မက်ထရစ် တန်ချိန်ပေါင်း ၉၈၀ ကျော် ပေးအပ်ခဲ့တာပါ။

ဒီကယ်ဆယ်ကူညီရေး ပစ္စည်းတွေထဲမှာ ဆန်အိတ်တွေ၊ ပဲမျိုးစုံ၊ သကြား၊ ဆား၊ ဆီ၊ လက်ဖက်ခြောက်၊ ခေါက်ဆွဲထုပ်တွေ၊ ဘီစကစ်မုန့်တွေနဲ့ ခြင်ထောင်တွေ ပါဝင်ပါတယ်။

ဒီနှစ်မေလထဲမှာတော့ ကယ်ဆယ်ရေးပစ္စည်း မက်ထရစ် တန်ချိန် ၃၇၀ ကျော်ကို ပေးအပ်ခဲ့ပြီး ဒီအထဲမှာ နို့မှုန့် မက်ထရစ်တန်ချိန် ၁၀၀ ကျော်၊ ငါးခြောက် မက်ထရစ်တန်ချိန် ၁၀၀ ကျော်နဲ့ ကလေးအစားအစာ မက်ထရစ်တန်ချိန် ၆၀ ကျော်အပြင် မိုးကာအင်္ကျီ ၅၀,၀၀၀ နဲ့ ရေထဲစီးတဲ့ လည်ရှည်ဖိနပ် အရန် ၅၀,၀၀၀ ကျော် ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG