သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ OIC က ကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ကို ဒီကနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။ OIC ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေထဲ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေ ပြောပြတဲ့ အတွေ့အကြုံတွေ၊ စုစည်းတင်ပြကြတဲ့ သတင်းမှတ်တမ်းတွေကို စုံစမ်းမေးမြန်းခဲ့ကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က သူတို့နေရပ်ရင်းကို လုံခြုံစိတ်ချစွာအမြန်ဆုံးပြန်နိုင်ရေးနဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှု ရရှိရေးတွေကို တောင်းဆိုခဲ့ကြတယ်လို့ ကိုယ်တိုင်တွေ့ဆုံခဲ့သူတွေကပြောပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။

ဒီကနေ့ စက်တင်ဘာလ ၁၂ရက်နေ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားလေဆိပ်ကို ရောက်ရှိလာတဲ့ အဖွဲ့ဝင်အယောက်(၂၀) လိုက် ပါလာတဲ့ အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့ OIC က ကိုယ်စားလှယ်တွေ ဟာ ကော့ဇ်ဘဇားအနီး က ရိုဟင်ဂျာဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ကုတုပလောင် ဒုက္ခသည်စခန်း ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ OIC ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက လာတဲ့ ရိုဟင်ဂျာမူဆလင် ကိုယ်စားလှယ်တွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီးတော့ ဒုက္ခသည်တွေ ရင်ဖွင့်ပြောပြတဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း စစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို စုံစမ်းမေးမြန်းခဲ့ကြပါတယ်။ ကုတုပလောင် ဒုက္ခသည်စခန်းက ဒုက္ခသည်ကူညီပေးရေး စင်တာမှာ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေထဲကတဦးဖြစ်တဲ့ ဘာလုခါလီဒုက္ခသည်စခန်းက ဦးအီစလံက ဒီကနေ့ OIC နဲ့တွေ့ဆုံခဲ့ကြတဲ့ အခြေအနေ အခုလိုပြောပြပါတယ်။

"ဒီကနေ့ စက်တင်ဘာလ ၁၂ရက်နေ့ နေ့လည်တနာရီအချိန်လောက်မှာ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ OIC က ကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ကုတုပလောင်ဒုက္ခသည်စခန်းကိုရောက်ရှိလာပါတယ်။ ကုတုပလောင်ကို မရောက်ခင် ဒုက္ခသည်စခန်းတခုလုံးကို ကားတွေနဲ့လှည့်လည်ကြည့်ရှု့ခဲ့ကြပါတယ်။ နောက် ကုတုပလောင်စခန်းထဲက စင်တာမှာ ကျနော်တို့နဲ့တွ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီ့တွေ့ဆုံပွဲမှာ ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်များ ၊ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးများ နောက် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေရခဲ့ကြတဲ့အမျိုးသားများ စုစုပေါင်း လူပေါင်း ၁၀၀ နီးပါး တွေ့ဆုံခဲ့ကြပါတယ်။ ကျနော်တို့ဘက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျနော်တို့က အသေးစိတ် သူတို့ကို အထောက်အထားတွေနဲ့တကွ တင်ပြဆွေးနွေးခဲ့ပါတယ်၊ သူတို့ဘက်ကလည်း ကျနော်တို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တင်ပြပြီး ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ကို ပြောဆိုသွားခဲ့ပါတယ်။ ကျနော်တို့ကတော့ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။ နိုင်ငံသားအခွင့်အရေးအပြည့်အဝနဲ့ ကုလသမဂ္ဂလုံခြုံရေးအစောင့်တပ်တွေနဲ့ ကျနော်တို့တွေရဲ့ နေရပ်ရင်းကို အမြန်ဆုံးပြန်ချင်ပါတယ်လို့ ဆွေးနွေးပြောကြားခဲ့ကြပါတယ်။"

ဒုက္ခသည်တွေဘက်က သူတို့ နေရပ်ရင်းကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အတွက် တရားမျှတမှုတွေ ရရှိရေး OIC အဖွဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အကြောင်း ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တဦးလည်းဖြစ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျောင်းဆရာတဦးလည်းဖြစ်ခဲ့တဲ့ ဦးမောင်မောင်ကပြောပြပါတယ်။

" အဓိက ရိုဟင်ဂျာခေါင်းဆောင်များနဲ့တွေ့ဆုံတယ်။ အဲ့ဒီ့တွေ့ဆုံခဲ့တဲ့အထဲမှာ ကျနော်လည်းပါဝင်ပါတယ်ခင်ဗျာ။ တွေ့ဆုံပွဲမှာ ကျနော်တို့ အဓိက တောင်းဆိုတာကတော့ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်နိုင်ဖို့၊ နောက် အရေးယူမှုတွေနဲ့ပတ်သက်ပြီး ဒီမှာ ကျနော်တို့ဆီမှာ ရှိတဲ့ ဒဏ်ရာရရှိခဲ့သူတွေ၊ အနိုင်ကျင့်ခံရသူတွေ၊ မုဒိမ်းကျင့်ခံခဲ့ရသူတွေ အပါအဝင် အမျိုးသမီးတွေ ခေါင်းဆောင်တွေ ကို အမျိုးသမီးအခန်းတခု အမျိုးသားအခန်း တခု ၂ခန်းခွဲပြီးတော့ တွေ့ဆုံခဲ့ကြပါတယ်။"

OIC အဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေထဲက အမျိုးသမီး-အမျိုးသားအုပ်စု နှစ်စုခွဲပြီးတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရသူ နောက် မိသားစု ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတွေကိုလည်း သီးသန့်တွေ့ဆုံမေးမြန်းခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကလည်း သူတို့မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းမှတ်တမ်းတွေ၊ အထောက်အထား အချက်အလက်တွေကို OIC အဖွဲ့ကို တင်ပြခဲ့တယ်လို့ ဦးမောင်မောင်ကပြောပြပါတယ်။

" ကျနော်တို့ဘက်က ကျနော်တို့ ယူဆောင်လာခဲ့တဲ့ Documents အထောက်အထားတွေ သူတို့ကိုပေးတယ်။ ကျနော်တို့ အသတ်ခံရတဲ့ ဗီဒီယိုဖိုင်တွေ။ သတင်းဓာတ်ပုံတွေ နောက် လူကိုယ်တိုင် ဒဏ်ရာရခဲ့သူတွေကို သူတို့နဲ့တွေ့ဆုံခဲ့တယ်။ သူတို့ကလည်းမေးတယ်။ နောက် ကျနော်တို့ဆီက ရရှိတဲ့ ဗီဒီယိုဓာတ်ပုံဖိုင်တွေ သူတို့ယူတယ်။ နောက် သူတို့ကို ကျနော်တို့ နောက်တခု တောင်းဆိုတာက နိုင်ငံတကာမှာ ရှိတဲ့ အထူးသဖြင့် မလေးရှားနိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေမှာ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ ရိုဟင်ဂျာတွေ အတော်များများရှိတယ် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်။ သူတို့ကလည်း အမြန်ဆုံးလွှတ်ပေးဖို့ လုပ်ပေးမယ်လို့ ကတိပေးသွားတယ်။ နောက် ဒုက္ခသည်စခန်းတွေထဲမှာ ကျောင်းသားလူငယ်တွေ အတော်များများရှိတယ်။ သူတို့ပညာမဲ့ဖြစ်နေတာကိုလည်း ကျနော်တို့စိုးရိမ်ကြတယ် အဲ့တာကိုလည်းပြောပြတယ်။ အဲ့တာကို သူတို့ဘက်ကတော့ တတ်နိုင်ဆုံး လိုက်လျောပေးနိုင်အောင် ကြိုးစားပါ့မယ်လို့ ပြောသွားပါတယ်။"

အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စားလှယ်တွေဟာ ဒုက္ခသည်စခန်းတွင်းကရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာနေရာတွေကိုမော်တော်ယာဉ်တွေနဲ့ လေ့လာကြည့်ရှု့ခဲ့သလို မူဆလင်ဒုက္ခသည်တွေသူတို့ကိုတင်ပြခဲ့တဲ့ဒုက္ခသည်စခန်းတွင်း က အဓိက လိုအပ်ချက် ရံပုံငွေအခက်ခဲဖြစ်နေတဲ့ နေထိုင်၊ စားသောက်ရေးနဲ့ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာရေးလိုအပ်ချက်တွေကို ကူညီပေးနိုင်ရေးအတွက်လည်း စခန်းတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ရိုဟင်ဂျာဒုက္ခသည်တွေအဖြစ် သုံးနှုန်းပြီး မြန်မာအစိုးရဘက်က မူဆလင်ဒုက္ခသည်တွေလို့ ခေါ်ဝေါ်တဲ့ သိန်းချီတဲ့ မူဆလင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးအတွက်ကိုတော့ မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂတို့ပူးပေါင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG