သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁ CPJ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု DVB ဦးအေးချမ်းနိုင် ရရှိ


DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်။ (ဓာတ်ပုံ - CPJ)
DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်။ (ဓာတ်ပုံ - CPJ)

(Zawgyi / Unicode)

၂၀၂၁ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို မြန်မာသတင်းသမား ဦးအေးချမ်းနိုင်အား ချီးမြှင့်ဂုဏ်ပြုလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးအေးချမ်းနိုင်ဟာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို ပူးတွဲတည်ထောင်သူတဦး ဖြစ်ပြီး လက်ရှိ အယ်ဒီတာချုပ်နဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ DVB ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတခု ဖြစ်ကြောင်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးအေးချမ်းနိုင်ဟာ နော်ဝေးနိုင်ငံ အော်စလိုမှာ ၁၉၉၂ ခုနှစ်က DVB စတင်ထူထောင်ရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ လှိုင်းတိုရေဒီယိုနဲ့ ထုတ်လွှင့်တဲ့ DVB သတင်းဌာနဟာ ပြည်ပအခြေစိုက် သတင်းမီဒီယာ လှုပ်ရှားမှုမှာ ရှေ့ဆောင်ဦးရွက် လုပ်ခဲ့တဲ့အကြောင်းလည်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အဲဒီအချိန်က စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေလို့ မဖြစ်နိုင်တဲ့ သတင်းတွေကို မြေအောက်သတင်းသမားတွေကတဆင့် ပေးပို့ချက်တွေကို DVB က စုစည်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ပြည်ပအခြေစိုက် မီဒီယာတွေ မြန်မာနိုင်ငံထဲ ပြန်အခြေချဖို့ ကြိုးစားမှုမှာလည်း ဦးအေးချမ်းနိုင်က ဦးဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအချိန်ကစပြီး DVB မြေအောက်သတင်းထောက်တွေရဲ့ ကွန်ရက်ဟာ ပြည်တွင်းမှာ တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့တာ ဖြစ်ကြောင်းလည်း CPJ က ြပောပါတယ်။

DVB သတင်းထောက်တွေအပေါ် အစိုးရရဲ့ နှောင့်ယှက်မှုတွေကို CPJ အနေနဲ့ ၁၀ နှစ်ကျော် ထုတ်ဖော်ပြောဆိုလာခဲ့သလို အရင် စစ်အစိုးရခေတ်တုန်းက မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး နှစ်ရှည်လများ ထောင်ချခံခဲ့ရတဲ့ DVB မြေအောက်သတင်းထောက်တွေ အကြောင်းကို CPJ က နိုင်ငံတကာသိအောင် တင်ပြခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း သတင်းသမားတွေကို ဖိနှိပ်မှုတွေ ပြန်တွေ့လာရပြီး ထုတ်ဝေခွင့် တားမြစ်ခံရတဲ့ သတင်းဌာနတွေထဲမှာ DVB သတင်းဌာနလည်း ပါဝင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG