သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘီယာပြည်ထဲရေးဝန်ကြီးဟောင်း လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ တရားစွဲခံရ


ဂမ်ဘီယာပြည်ထဲရေးဝန်ကြီးဟောင်း Ousman Sonko ကို တရားစွဲခဲ့တဲ့ တရားလိုတွေကို ဆွစ်ဇာလန်နိုင်ငံ ပြည်ထောင်စု ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးရှေ့မှာ တွေ့ရစဥ်။ (ဇန်နဝါရီ ၈၊ ၂၀၂၄)
ဂမ်ဘီယာပြည်ထဲရေးဝန်ကြီးဟောင်း Ousman Sonko ကို တရားစွဲခဲ့တဲ့ တရားလိုတွေကို ဆွစ်ဇာလန်နိုင်ငံ ပြည်ထောင်စု ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးရှေ့မှာ တွေ့ရစဥ်။ (ဇန်နဝါရီ ၈၊ ၂၀၂၄)

အားလုံးနဲ့ပတ်သက်တဲ့ တရားစီရင်ခွင့် မူအရ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို နိုင်ငံခြားမှာ တရားစွဲဆိုလို့ ရနေပါပြီ။ ဂမ်ဘီယာ ပြည်ထဲရေးဝန်ကြီးဟောင်းကို ဆွစ်ဇာလန်နိုင်ငံမှာ တရားစွဲဆိုတဲ့အမှုအကြောင်း အေအက်ဖ်ပီ သတင်းဆောင်းပါး အခြေခံပြီး ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

ဂမ်ဘီယာ ပြည်ထဲရေးဝန်ကြီးဟောင်း Ousman Sonko ဟာ လူသားမျိုးနွယ်အပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity) နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဇန်နဝါရီလ ၈ ရက်နေ့က တရားရင်ဆိုင်ရပါတယ်။ အာဏာရှင်ဟောင်း ယာဟား ဂျာမေး ရဲ့အောက်မှာ ဒီအမှုကိုကျူးလွန်ခဲ့တယ်လို့ စွဲဆိုခဲ့တာပါ။ universal jurisdiction principle လို့ခေါ်တဲ့ အားလုံးနဲ့ပတ်သက်တဲ့ တရားစီရင်ပိုင်ခွင့်မူအရ ဒီ အမှုကို စွဲဆိုခဲ့တာဖြစ်ပါတယ်။ ဘယ်မှာပဲ အမှုကျူးလွန်ခဲ့သည်ဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို ဒီ မူအရ နိုင်ငံခြားတိုင်းပြည်တွေမှာ တရားစွဲဆိုနိုင်ပါတယ်။ တရားစွဲဆိုသူ Demba Dem က ခုလို ပြောပါတယ်။

“ဒီနေ့ဖြစ်လာဖို့ ကျနော်တို့ လုပ်နေခဲ့ကြရတာပါ။ ဒါ ပထမဆုံးနေ့ပါ။ အမှု စပါပြီ။ ဒါကြောင့် ကျနော်တို့ တော်တော်ပျော်ပါတယ်။ တရားမျှတမှု ရရှိလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။”

အဲဒီတုန်းက ဆွန်ကိုက ဂမ်ဘီယာနိုင်ငံ ရဲ့ ပြည်ထဲရေးဝန်ကြီးပါ။ ဂမ်ဘီယာဟာ ၁၉၉၄ ကနေ ၂၀၁၆ ခုနှစ်အထိ အာဏာရှင် ယာဟား ဂျာမေး ရဲ့လက်အောက်မှာ ၂၂ နှစ်ကြာ အဖိနှိပ်ခံခဲ့ရတဲ့ အနောက်အာဖရိက-က နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဂျနီဗာ အခြေစိုက် နိုင်ငံတကာ တရားစီရင်ရေးလို့ အဓိပ္ပါယ်ရနိုင်တဲ့ Trial International အင်န်ဂျီအိုအဖွဲ့က ဆွန်ကို-ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးအဖြစ်က ပြုတ်သွားပြီးတဲ့နောက် ဆွစ်ဇာလန်နိုင်ငံမှာ ၂၀၁၇ ခုနှစ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံကတည်းက သူ အထိန်းသိမ်းခံလိုက်ရတာပါ။ Demba Dem က ခုလို ဆက်ပြောပါတယ်။

“လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ ကျူးလွန်ကြတဲ့သူတွေရပ်သွားဖို့ အနာဂတ်အတွက် ကျနော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတခုလုံးမှာ ဒီမိုကရေစီဖြစ်ပေါ်လာရေးကို ရှေးရှုပြီး အခု လုပ်နေကြလို့ပါ။ ဒီလို အမှုမျိုး က တခြားအာဏာရှင်တွေအတွက် အနည်းဆုံးတော့ ဥပမာကောင်းဖြစ်ပါလိမ့်မယ်။”

၂၀၂၄ ဇန်နဝါရီလ ၉ ရက်မှာ ဆွန်ကိုရဲ့အသက်က ၅၅ နှစ်ရှိပါပြီ။ အားလုံးနဲ့ပတ်သက်တဲ့ တရားစီရင်ပိုင်ခွင့်မူကို ဥရောပမှာ ကျင့်သုံးရာမှာ သူဟာ အမြင့်ဆုံး တာဝန်ရှိသူ ဖြစ်ပါတယ်လို့ Trial International အဖွဲ့ ဥက္ကဋ္ဌ Leslie Haskell က တုတ်ပြန်ချက်မှာ ပြောပါတယ်။ အစိုးရဆန့်ကျင်သူတွေကို ဂမ်ဘီယာလုံခြုံရေးတပ်တွေက ဖိနှိပ်ရာမှာ စနစ်တကျတိုက်ခဲ့တာတွေကို တားဆီးဖို့ပျက်ကွက်ခဲ့တဲ့အပြင် ဆွန်ကိုဟာ ထောက်ခံ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။ သူ့ရှေ့နေအလိုအရ ဆိုရင်တော့ ဆွန်ကိုက ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ ဆိုပါတယ်။ တရားစွဲဆိုခဲ့သူတဦးဖြစ်တဲ့ Ramzia Diab က ခုလို ပြောပါတယ်။

“သူက ဘာအမှားမှ မလုပ်ခဲ့ဘူး-လို့ ခံစားရတယ်တဲ့လား။ အာဏာရှင် ယာဟား ဂျာမေးက အတော့်ကို တော်တဲ့သူတဲ့လား။ ဒါဖြင့် ဘာကြောင့် အီကွေတို ဂီနီမှာ ဂျာမေး က ထိုင်နေရတာလဲ။ ကျမတို့ကို ဘာကြောင့် သူက လာပြီး ရင်မဆိုင်ရဲတာလဲ။ သူ က အဲဒီမှာ ထိုင်ပုန်းနေတာ ဘာလဲ။"

ဆွန်ကိုက တရားစွဲခံနေရပေမဲ့ အာဏာရှင် ဂျာမေးကတော့ ၂၀၁၆ ပြုတ်သွားကတည်းက အီကွေတိုဂီနီမှာ ထွက်ပြေးနေထိုင်နေတာပါ။ Ramzia က ခုလို ဆက်ပြောပါတယ်။

“သူက ကျမ စိတ်ခံစားချက်တွေ ပြန်ပေါ်အောင် လုပ်နေပြန်ပြီ။ ဘာကြောင့်လဲဆိုတော့ ကျမက အဲဒီမှာ ရှိခဲ့တယ်။ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ ကိုယ်ထိလက်ရောက် အစော်ကားခံခဲ့ရတယ်။ အရာရာ ကျမတို့ ခံခဲ့ရတယ်။”

အမှုက တလလောက် ကြာမှာပါ။ ဆွစ်ဇာလန်တောင်ပိုင်းက အီတလီစကားပြောဒေသ Bellinzona မြို့မှာ စစ်ဆေးနေတာဖြစ်ပါတယ်။ လူသားမျိုးနွယ်အပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သူ့ကိုစွဲဆိုရာမှာ လူသတ်မှု၊ မုဒိန်းမှုနဲ့ ညှဥ်းပန်းနှိပ်စက်မှုအပါအဝင် ရာဇဝတ်မှု ၉ မှု ပါဝင်ပါတယ်။ အခြား တရားစွဲဆိုသူ Binta Jamba ကလည်း ခုလို ပြောပါတယ်။

“ကျမမျက်နှာကိုကြည့်ပြီး ဆွန်ကို (Sonko) က ကျမယောက်ျားကို သတ်ခဲ့တာရှင့်။ကျမနဲ့ကျမကလေးတွေကို ညှဥ်းပန်းနှိပ်စက်ခဲ့တာ။ ကျမသားကြီးဟာ ညှဥ်းပန်းနှိပ်စက်ခံရတာကြောင့် ခုထိ တက်တတ်တဲ့ရောဂါ (seizures) ရှိ နေတုန်းပဲ။"

တိုက်ရိုက် ဖိနှိပ်ခံခဲ့ရသူ ၈ ဦးနဲ့ ဖမ်းဆီးထားစဥ်အတွင်း သေဆုံးသွားသူရဲ့သမီးတယောက်အပါအဝင် စွဲဆိုသူ ၁၀ ဦး ရှိပါတယ်။ ဒီအမှုတွေဖြစ်ခဲ့တဲ့အချိန်ကာလ ၁၆ နှစ် ရှိပါတယ်။ ဆွန်ကိုရဲ့ရှေ့နေ Philippe Currat ကတော့ အမှုကို ခုလို မြင်ပါတယ်။

“ဥပဒေဆိုတာ နောက်ပြန် အသက်ဝင်ဖို့မဖြစ်နိုင်ပါဘူး။ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုက ဆွစ်ဇာလန်နိုင်ငံရဲ့ ပြစ်မှုဥပဒေထဲရောက်လာတာ ၂၀၁၁ ဇန်နဝါရီ ၁ ရက်မှပါ။ ဒီရက်မတိုင်မီက လုပ်ခဲ့တဲ့လုပ်ရပ်တွေကို နောက်ပြန် တရားစွဲလို့ မရပါဘူး။ ပြီးတော့ စုံစမ်းစစ်ဆေးတဲ့အပိုင်းတွေအားလုံးနီးနီးလောက်ကိုလည်း ယေဘုယျအားဖြင့် ဝေဖန်ရမှာပါ။ အခြေခံ လုပ်ထုံးလုပ်နည်း ပြဌာန်းချက်တွေနဲ့အညီ စုံစမ်းစစ်ဆေးခဲ့တာ မဟုတ်လို့ပါ။”

ဇွန်လတုန်းကတော့ ယခင် လစ်ဘားရီးယား စစ်ဘုရင် အလျူ ကိုဆီးယား Alieu Kosiah အပေါ်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာကို ဆွစ်ဇာလန် အယူခံတရားရုံး က အတည်ပြုလိုက်ပါတယ်။ ဒီအမှုဟာ လူသားမျိုးနွယ်အပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဆွစ်ဇာလန်နိုင်ငံမှာပြစ်ဒဏ်ချတဲ့ ပထမဆုံးအမှုလည်း ဖြစ်ပါတယ်။
ဆွန်ကိုအပေါ် စီရင်ချက်ကိုတော့ မတ်လကျော်မှသာ ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ် ခင်ဗျာ။ ကျနော် တင်မောင်သန်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG