သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell အပါ ငါးဦး လျှို့ဝှက်ချက်အက်အမှု နေပြည်တော်မှာစစ်ဆေး


ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

(Zawgyi/Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ အစိုးရအဖွဲ့ဝင်ဟောင်း သုံးဦးတို့ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)/ဂ နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ စွဲဆိုထားတဲ့အမှုကို ဒီကနေ့ နေပြည်တော် ဒက္ခိဏသီရိတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးခဲ့ပါတယ်။ ဒီအမှုကိုလည်း အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ စစ်ဆေးမယ်လို့ တရားရုံးက ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲဆိုထားတဲ့အမှုအတွက် ရှောင်န် တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရင်အစိုးရအဖွဲ့ထဲက ဝန်ကြီးနှစ်ဦး၊ ဒုဝန်ကြီးတဦးတို့နဲ့အတူ တရားရင်ဆိုင်နေရတာဖြစ်တဲ့အပြင် သူ့တယောက်ထဲအပေါ် သီးခြားစွဲထားတဲ့အမှုနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။

"ရှောင်န် တာနယ်လ် တယောက်ထဲကိုစွဲတာက Immigration Act (လူဝင်မှုကြီးကြပ်ရေး)၊ Official Secret Act (နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ) က ရှောင်န် တာနယ်လ် အပါအဝင် ၅ ယောက်ပေါ့ဗျာ။ အဓိကစွပ်စွဲခံရတာ ရှောင်န် တာနယ်လ်ပါ။ ရှောင်န် တာနယ်လ်ရဲ့ ရှေ့နေကတော့ ရှောင်န် တာနယ်လ်အတွက် စကားပြန်ငှားပေးဖို့ သူကတင်ပြပါတယ်။ ရန်ကုန်မှာထဲက သူတို့ လျှောက်ထားတာရှိပါတယ်၊ ရှောင်န် တာနယ်လ်နဲ့ ရှေ့နေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အဲဒါကို တရားသူကြီးက တရားလိုရှေ့နေဘက်ကို သဘောထားတောင်းပြီးတော့ ရှေ့အချိန်းမှာ တရားလိုရှေ့နေဘက်က သဘောထားပြန်မယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေကတော့ ရန်ကုန်မှာထဲက တင်ပြထားတဲ့ အမှုသည်အစုံပေါ့ဗျာ၊ အမှုသည်နဲ့ရှေ့နေ အကုန်တွေ့ကြဖို့ အဲဒါကို လျှောက်ထားတယ်၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့အချိန်းမှာ ဥပဒေဘက် (တရားလို) ကရော၊ ဒီဘက်ကရော တွေ့ခွင့်ပေးသင့်မပေးသင့် လျှောက်လဲချက်ပေးဖို့၊ ပေးပြီးမှ ဆုံးဖြတ်မယ်လို့ပြောပါတယ်။ တရားသူကြီးကတော့ လာမယ့်ကြာသပတေး ချိန်းတယ်၊ နောက်ပြီး ကြာသပတေးနေ့တိုင်း ဒီအမှုကို စစ်မယ်ပြောပါတယ်။"

ရှောင်န် တာနယ်လ်၊ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ကို အစောပိုင်းက အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး အခုတော့ အမှုရင်ဆိုင်ဖို့အတွက် နေပြည်တော်ထောင်မှာ ရွှေ့ထားတယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ သူတို့လေးဦးကို ဒီကနေ့ နေပြည်တော်ထောင်ကနေ တရားရုံးထုတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ video conferencing ကတဆင့် ရုံးချိန်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ရုံးထုတ်တာမှာ ကိုဗစ်စည်းကမ်းနဲ့အညီ ရုံးထုတ်လာတာတွေ့ရပေမယ့် သူတို့အားလုံးရဲ့ မျက်နှာတွေကတော့ ညှိုးနွမ်းပြီး အားအင်ချိနဲ့နေတဲပုံမျိုး ဖြစ်နေတယ်လို့ ရှေ့နေတွေကပြောပါတယ်။

ဒီအမှုကို အစောပိုင်းက ရန်ကုန်မှာ ရုံးတင် စစ်ဆေးခဲ့တာဖြစ်ပြီး နေပြည်တော်မှာ ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ပြောင်းရွှေ့စစ်ဆေးတာပါ။ ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှောင်န် တာနယ်လ်အပါအဝင် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကိုပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ရှောင်န် တာနယ်လ်ကို အဓိကထားပြီး တရားစွဲဆိုတာမှာ ဘယ်လို ဆက်စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်ပြီး တရားစွဲထားတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ဦးခင်မောင်ဇော်ကပြောပါတယ်။
"သူတို့က အဲဒီလို တင်ပြထားတာ မရှိသေးဘူးဗျ၊ FIR (မူရင်းစွဲချက်) မှာ ကျနော်ကြည့်ပြီးပြီ၊ ရှောင်န် တာနယ်လ်က ဩစတြေးလျသံရုံးကို စာရွက်တွေပို့တယ်၊ ဒါကြောင့် ဒီဥပဒေနဲ့ တရားစွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ဝန်ကြီးတွေ ဘယ်လိုပတ်သက်လာသလဲဆိုတာကို မူရင်းစွဲချက်မှာ မပါသေးဘူး။ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပေါ့ဗျာ Sean Turnell က၊ နောက်တခါ စာရွက်စာတမ်းတွေဆိုလည်း စီမံဘဏ္ဍာဝန်ကြီးဌာနက စာရွက်စာတမ်းတွေ။ အဲဒါကြောင့်မို့ စွဲတာနဲ့တူတယ်။ တရားလိုကိုစစ်မှ ဒီကိစ္စတွေကပေါ်မှာပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ၅ မှုအထိ တရားစွဲဆိုထားပြီး အရင် မန္တလေးမှာစွဲထားတဲ့ ၄ မှုကို နေပြည်တော်မှာ ပြောင်းရွှေ့စစ်ဆေးနေပြီးတော့ ရန်ကုန်မှာ ၁ မှုစွဲထားပါတယ်။ နေပြည်တော်မှာ ပြောင်းထားတဲ့ အဂတိမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ အထူးတရားရုံးမှာ တပတ်ခြားတခါ သောကြာနေ့တိုင်း စစ်သွားမှာဖြစ်ပြီး ရန်ကုန်က အဂတိမှုကိုလည်း နေပြည်တော်မှာ ပြောင်းစစ်ဖို့ ရှေ့နေတွေကတင်ထားပေမယ့် ဘယ်တော့ပြောင်းမယ်ဆိုတာ အတိအကျ မသိရသေးသလို အမှုနဲ့ပတ်သက်လို့လည်း ဘာမှ အတိအကျမသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"အမှုတွဲတောင် မကြည့်ရသေးဘူး။ ဘာမှန်းကို မသိသေးဘူး။ ဗဟန်းမှာ တိုင်ချက်ဖွင့်တာ တယောက်ထဲစွဲတာ။ အဂတိပဲ၊ ၅၅ ပဲ၊ မနေ့က ပါဝါတင်လိုက်တယ်၊ ရုံးချိန်းက ၆ ရက်နေ့ ချိန်းလိုက်တယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ ၂ မှု၊ နိုင်ငံတော်လျှို့ ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု ၁ မှု၊ စုစုပေါင်း အမှု ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအမှုတွေအားလုံးရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုပေါင်းလိုက်ရင် ထောင်ဒဏ် ၈၇ နှစ်ထိ ရှိပါတယ်။
အဲဒီထဲက ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုကို ပြီးခဲ့တဲ့အင်္ဂါနေ့ကပဲ တရားရုံးက စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

...................................................................................................

တိုက်ရိုက် လင့်ခ်












XS
SM
MD
LG