သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် သဘာဝဘေးအန္တရာယ်အမှု ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုမည်


NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်။ (မတ် ၁၊ ၂၀၁၆)
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်။ (မတ် ၁၊ ၂၀၁၆)

(Zawgyi / Unicode)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတခုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်ထားတာကို တရားရုံးက လက်ခံတယ်လို့ စုံစမ်းသိရှိရပါတယ်။

နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ နိုဝင်ဘာလ ၉ ရက် ရုံးချိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် တင်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို သက်သေခေါ်ဖို့ ခက်မယ်လို့ တရားသူကြီးက ပြောပေမယ့် တင်တဲ့သက်သေစာရင်းကိုတော့ လက်ခံလိုက်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကတော့ မန္တလေးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး သူကိုယ်တိုင်လည်း အမှုတွေ ရင်ဆိုင်နေရပါတယ်။

အပတ်စဉ် အင်္ဂါနေ့တိုင်း ကြားနာတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု၊ စတဲ့ အမှုနှစ်မှုမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အမှုကိုပဲ ဒီနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ၅၀၅ (ခ) အမှုကိုတော့ နောက်တပတ်မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

နောက်တပတ် နိုဝင်ဘာ ၁၆ ရက် ရုံးချိန်းကျရင် သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုနိုင်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ကျရင် ဒေါက်တာဇော်မြင့်မောင်က သက်သေထွက်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအမှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တရားသူကြီးက အမိန့်ချနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွေထဲက တနင်္လာနေ့တိုင်း ကြားနာစစ်ဆေးတဲ့ နောက်ထပ် သဘာဝဘေးအမှုအတွက်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို သက်သေထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်သွင်းထားပါတယ်။ အဲဒါကို တရားသူကြီး လက်ခံမခံ ဆိုတာတော့ အသေအချာ မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေကို သတင်းမပေးရလို့ တားမြစ်ခံထားရတဲ့အတွက် တရားရုံးကြားနာပွဲ အသေးစိတ်ကိုတော့ မသိရှိနိုင်ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသူတွေကို ထွက်ပြီး နှုတ်ဆက်ခဲ့တာနဲ့ ကိုဗစ်ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေထဲ မဲစာရင်းကိစ္စ သွားလာတာတွေ ရှိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ အမှုနှစ်မှု စွဲခဲ့တာမှာ တမှုကို တနင်္လာနေ့တိုင်း စစ်ပြီး ကျန်တမှုကိုတော့ အင်္ဂါနေ့တိုင်း ကြားနာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ဘာပြစ်မှုမှ ကျူးလွန်တာ မရှိခဲ့တာမို့ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေတုန်းက တုံ့ပြန်ထားပါတယ်။ ဒီအမှုတခုတည်းမဟုတ်ဘဲ စစ်ကောင်စီက တရားစွဲထားသမျှ အမှုတွေအားလုံးမှာလည်း သူအပြစ်လုပ်ထားတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှု စတဲ့အမှုတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ လက်ရှိမှာ ရင်ဆိုင်နေပြီး အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG