သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆစ်ဒနီဟောပြောပွဲ ဒေါ်စု မတက်ရောက်နိုင်


သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အင်္ဂါနေ့ မှာ Sydney မြို့က တတ်သိပညာရှင်များအဖွဲ့တခုမှာ ဟောပြောမယ့်အစီအစဉ်ကို ကျန်းမာရေးကြောင့် ဖျက်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းတဲ့အတွက် ဟောပြောပွဲကို မတက်နိုင်တော့ဘူးလို့ မြန်မာသံရုံးက အကြောင်းကြားတဲ့အတွက် ဟောပြောပွဲကို ဖျက်လိုက်တယ်လို့ Lowy Institute က အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဟောပြောပွဲအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားပြီး ပရိတ်သတ်နဲ့ အမေးအဖြေဖို့လည်း စီစဉ်ထားတာဖြစ်ပါတယ်။ မတ်လ ၁၇ နဲ့ ၁၈ က Sydney မြို့မှာကျင်းပတဲ့ Australia ASEAN အထူးထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီးနောက် အစိုးရအထူးဧည့်သည်အဖြစ် Australia မှာဆက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ကတော့ ဝန်ကြီးချုပ် Malcolm Turnbull နဲ့ Canberra မြို့တော်မှာ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ထိရောက်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ ဝန်ကြီးချုပ် Turnbull ကပြောတဲ့အကြောင်း Australia ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ နေရပ်စွန်ခွာထွက်ပြေးနေသူတွေ ပြန်လည်အခြေချနိုင်ရေး အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်ကို Mr. Turnbull တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သုတေသနလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ Australia ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Bill Shorten လေဘာပါတီရဲ့ နိုင်ငံခြားရေးရာပြောခွင့်ရသူ Penny Wong တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာမှာ ကုန်သွယ်ရေး။ လယ်ယာစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းပညာရေးကိစ္စတွေအပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ရိုဟင်ဂျာပြဿနာကို မေးခွန်းထုတ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အစိုးရဧည့်သည်တော် ဒေါ်အောင်ဆန်းစုကြည်ကို Canberra မြို့တော်မှာ တနင်္လာနေ့က သေနတ် ၁၉ ချက်ပစ်ဖေါက်ပြီး ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေရှ့်ထွက်သွားနေချိန်မှာ ခုလို ဒေါ်အောင်ဆန်းစုကြည်ကို Australia အစိုးရက ကြိုဆိုတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။

ဆစ်ဒနီဟောပြောပွဲ ဒေါ်စု မတက်ရောက်နိုင်
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG