သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစဉ်တစိုက်ဆောင်ရွက်နေဟု ဒေါ်စုဆို


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျရောက်မြန်မာတွေနဲ့ တွေ့ဆုံ(သတင်းဓာတ်ပုံ-Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျရောက်မြန်မာတွေနဲ့ တွေ့ဆုံ(သတင်းဓာတ်ပုံ-Myanmar State Counsellor Office)

မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အနေအထားတွေနဲ့အတူ NLD အစိုးရ အနေနဲ့ “အမျိုးသားရင်ကြားစေ့ရေး တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး”ဆိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူအတိုင်း ဆက်လက် ရပ်တည်နေတယ်လို့ သြစတြေးလျရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျမြန်မာအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံနေချိန် ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေး လျရောက်မြန်မာခြောက်ရာကျော် နဲ့ သြစတြေးလျနိုင်ငံ ကမ်ဘာရာမြို့ မြန်မာသံရုံးမှာ ဒေသစံတော်ချိန် ဒီကနေ့ ညနေခင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

NLD အစိုးရတာဝန်ယူခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ရင်ဆိုင်ဖြေရှင်းနေရတဲ့ တိုင်းပြည်ရဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ပြည်ပရောက်မြန်မာတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြချင်တဲ့အကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၈၈ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့မူအတိုင်း တစိုက်မတ်မတ် ရပ်တည်နေတဲ့အကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျမြန်မာအသိုင်းအဝိုင်းကို အခုလိုမိန့်ခွန်းပြောခဲ့ပါတယ်။

" ကျမတို့နိုင်ငံမှာ ဘာဖြစ်နေသလဲ ဆိုတာကို ပြင်ပကနေပြီးတော့ သေသေချာချာ မသိသလို ပြည်ပရောက်နေတဲ့ ကျမတို့ပြည်သူပြည်သားတွေကလည်း သေသေချာချာ ဂဂဏဏ တခါတလေ မသိကြပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ မူတခု အဲ့တာက ဘာလဲဆိုတော့ကျမတို့နိုင်ငံသူနိုင်ငံသား ပြည်သူပြည်သားများနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်းဆက်ဆံရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ် ဖြောင့်မတ်ရမယ်။ အဲ့ဒီ့အပေါ်မှာ အခြေခံပြီးတော့ ဒီလိုအစီအစဉ်တွေ လုပ်တာပါ။ တခါတည်းပြောရမယ်ဆိုရင် ကျမတို့က ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေးလုပ်ကတည်းက ကျမတို့ရဲ့ မူတွေရှိပါတယ်။ တချို့ကတော့ မေ့တတ်ပါတယ် အရင်တုန်းက ဘယ်လိုမူတွေချခဲ့သလဲဆိုတာ ဒါပေမဲ့ ကျမကတော့ ဘယ်တော့မှ မမေ့ပါဘူး။ ဒီမိုကရေစီ လုပ်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ကျမတို့ ထိပ်တန်းတင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်စနစ်ပဲမဆို တည်ငြိမ်ဖို့ အေးချမ်းဖို့ ဆက်ပြီးတော့ ဒီဟာကို ထိန်းသိမ်းသွားဖို့ဆိုရင် အမျိုးသားရင်ကြားစေ့ရေးက အဓိကပဲ ဆိုတာ ကျမတို့သဘောပေါက်ပါတယ်။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲဝင်ပြိုင်တုန်းကလည်း အမျိုးသားရင်ကြားစေ့ရေး ဒီမိုကရေစီရရှိရေးကို ရှေ့တန်းတင်ပြီးတော့ ဝင်ပြိုင်ခဲ့ပါတယ်။ နောက်တခါ ၂၀၁၀-၂၀၁၂ မှာ ရွေးကောက်ပွဲဝင်ပြိုင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူတွေအနေနဲ့ ကျမတို့ချပြခဲ့တာကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတာကတော့-တကယ့်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်အောင်လို့ လက်ရှိ အခြေခံဥပဒေကိုပြောင်းလဲဖို့လိုတယ်ဆိုတာကို ကျမတို့ပြောတာဖြစ်ပါတယ်။ ဒီအထဲမှာ ကျမတို့က တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ဘောင်ထဲကပဲ လုပ်ချင်ပါတယ်။ ကျမတို့နိုင်ငံရဲ့စနစ်ဟာ ရေရှည် အတွက် ကောင်းမွန်တဲ့ အများအတွက် ကောင်းမွန်တဲ့ စနစ်တခုဖြစ်ချင်လို့ပါ။ အမြန်ဖြတ်လမ်းကသွားလို့ရှိရင် မြန်မြန်ရောက်ချင်ရောက်နိုင်တယ် ဒါပေမဲ့ ဒဏ်ရာဒဏ်ချက်တွေ လည်း အင်မတန်မှ များနိုင်ပါတယ်။"

ဒါကတော့ သြစတြေးလျ- အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရလို့ သြစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျရောက်မြန်မာအသိုင်းအဝိုင်းကမြန်မာတွေ သြစတြေးလျနိုင်ငံ ကမ်ဘာရာမြို့မှာ မြန်မာသံရုံးရဲ့ ဖိတ်ကြားစီစဉ်မှုနဲ့ ဒီကနေ့ မတ်လ ၁၉ရက်နေ့ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅နာရီကနေ ၆နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ကြချိန် မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံ ကမ်ဘာရာ၊ ဆစ်ဒနီ၊ မယ်လ်ဘုန်းမြို့၊ ပတ်ဖ် စတဲ့မြို့အသီးသီးတွေက မြန်မာခြောက်ရာကျော် လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

ခရီးပမ်းပြီး အနည်းငယ်နေထိုင်မကောင်းဖြစ်နေပေမဲ့လို့ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ မူဝါဒတွေနဲ့ သြစတြေးလျမြန်မာနိုင်ငံသားတွေ သိလိုတဲ့အချက်တချို့ကို ဖြေကြားပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တဲ့ ဆစ်ဒနီမြို့က ဒေါက်တာမြင့်ချိုက အခုလိုပြောပြပါတယ်။

"သူ ၄၅မိနစ်လောက် ကျနော်တို့ကို ဆွေးနွေးပြောဆို သွားတယ်။ ဒေါ်စုပြောသွားတဲ့ အပိုင်းတွေက မူဝါဒပိုင်းတွေ ပိုပြီးတော့ အနှစ်သာရပါတဲ့အပိုင်းတွေကို ပြောသွားတာကို ကျနော် မှတ်သားမိပါတယ်။ အဓိက မူဝါဒက အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါတလဲလဲ ပြောသွားပါတယ်။"

သြစတြေးလျအခြေစိုက် မြန်မာ့လူမျိုးစု-မြန်မာ့အသံ သတင်းမီဒီယာက ဒေါ်နှင်းမြတ်ခိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံခွင့်ရတဲ့အပေါ် အားရကျေနပ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ရှင်းလင်းပြောပြသွားတဲ့အပေါ် ပိုသိနားလည်လာရတာတွေရှိတယ်လို့ အခုလိုပြောပြပါတယ်။

" အားရကျေနပ်မှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က မေးခွန်းတွေ မေးလာတဲ့အခါ လူမျိုးရေးပြဿနာတွေလည်း ရှိသွားနိုင်တဲ့အတွက် သိပ်ပြီးတော့ ပညာရှိဆန်ဆန်ဖြေကြားခဲ့တာတွေကို တွေ့ခဲ့ရတယ်။နောက်ပြီးတော့ သူက နိုင်ငံတကာကနေ ပြောလာတာတွေနဲ့ပတ်သက်ပြီးလည်းသူက ဥပမာတခုပေးတာကတော့ ကျမတို့ အနှစ်ခြောက်ဆယ်လုံးလုံး ကျမတို့မှာ အနာတရတွေနေခဲ့ရပြီးတော့ အခု တစ်နှစ် နှစ်နှစ်ကလေးကို ချက်ခြင်းဖြေဖျောက်ဖို့ Heal မဖြစ်နိုင်ဘူးဆိုတာကို ဖြေသွားပါတယ်။ ဒါက သိပ်ကို သဘာဝကျပါတယ်။ ကျမတို့ အားရလောက်တဲ့အဖြေတွေကိုပေးခဲ့တာကိုလည်း တွေ့တယ်။ အဓိက လူတွေ မေးတာကတော့ dual citizenship နဲ့ ပတ်သက်ပြီးတော့ မေးကြ ပါတယ်။နောက်ပိုင်းဆိုရင် စဉ်းစားပါမယ်လို့ပြောပါတယ် ဒါကတော့ တော်တော် သတင်းထူးပါပဲ ကျမတို့ ကျေနပ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းအနည်းငယ်ကို ဖြေကြားခဲ့ပြီးတဲ့နောက် ပြန်လည်ထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပေးဖို့ တာဝန်ပေးခဲ့တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီးဦးကျော်တင်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဦးသောင်းထွန်းက သြစတြေးလျရောက်မြန်မာနိုင်ငံသားတွေကို သိလိုတဲ့ အထူးသဖြင့် ဗီဇာကိစ္စ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နှစ်နိုင်ငံ-နိုင်ငံသားခံယူခွင့်ရရေးကိစ္စတွေကို ဖြေကြားပေးခဲ့ပါတယ်။

ဒါပေမဲ့လို့ သံအမတ်ကြီးအပါအဝင် ဝန်ကြီးနှစ်ပါးရဲ့ ဖြေကြားမှုအချို့ အပေါ်မှာတော့ အားရကျေနပ်မှုမရှိဘူးလို့ သြစတြေးလျနိုင်ငံ မြန်မာသံရုံးကို ကိုယ်တိုင် ကြိုတင်မေးခွန်းပေးပို့ခဲ့တဲ့ ဦးမျိုးမြင့်က သူ့အတွေ့အကြုံ အခုလိုပြောပြပါတယ်။

"အမေစုရဲ့ ပြောကြားမှုကိုတော့ အားရကျေနပ်မှုရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ကို ကြိုတင်စီစဉ်ထားတဲ့ မေးခွန်းမေးတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ကျနော် သိပ်တော့ ဘဝင်မကျခဲ့ဘူးခင်ဗျ။ နောက်တခါ တွေ့ဖို့စီစဉ်ရင်တော့ အဲ့ဒီ့မေးခွန်းမေးတဲ့ အစီအစဉ်ကို သေသေချာချာ ပြုလုပ်သင့်ပါတယ်ခင်ဗျ။ အခုတော့ ကျနော်တို့ မေးလိုက်တဲ့မေးခွန်းက Neglect အလုပ်ခံရသလိုဖြစ်ပါတယ်ခင်ဗျ။ ဒေါ်စု ကိုဦးတည်ပြီး မေးတာဖြစ်လို့ ဒေါ်စုက မရှိတော့ သူတို့ မဖြေနိုင်ဘူး လို့ ပြန်ဖြေပါတယ်ခင်ဗျ။"

သြစတြေးလျရောက် ဆစ်ဒနီ မြန်မာအသိုင်းအဝိုင်းက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေအတွက် အထူးသဖြင့် UEHRD ရဲ့စီမံကိန်းတွေအတွက် သြစတြေးလျဒေါ်လာ၁၅၀၀၀ကို သြစတြေးလျနိုင်ငံ မြန်မာသံရုံး မြန်မာသံမှုူးကြီးဒေါ်ခင်စန္ဒာကတဆင့် နိုင်ငံတော်အတိုင်ပင်ခံကို ပေးပို့လှူဒါန်းခဲ့ကြတယ်လို့လည်းသိရပါတယ်။

သြစတြေးလျရောက်ဒေါ်အောင်ဆန်းစုကြည်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ချိန် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ကြပေမဲ့လို့ ဒီကနေ့တွေ့ဆုံပွဲမှာတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေ မရှိခဲ့ဘူးလို့လည်း ကိုယ်တိုင်တက်ရောက် လာသူတွေကပြောပါတယ်။ မနက်ဖြန် Lowy Institute မှာလုပ်မယ့် အများပြည်သူနဲ့တွေ့ဆုံ မိန့်ခွန်းပြော အမေးအဖြေဖြေကြားမယ့်အစီအစဉ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်မကောင်းတာကြောင့် ဖျက်သိမ်းတယ်လို့ မြန်မာသံရုံးကနေ Lowy Institute ကို အကြောင်းကြားထားတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG