အာဆီယံထိပ်သီးညီလာခံကတော့ သြစတြေးလျနိုင်ငံမှာ ကျင်းပပြီးစီးသွားခဲ့ပြီး၊ ဆန္ဒပြသူရာပေါင်းများစွာဟာ ဆစ်ဒနီမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စုဝေးပြီး အရှေ့တောင်အာရှဒေသတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် မြန်မာအာဏာပိုင်တွေဘက်က ပြုမူဆက်ဆံခဲ့တာတွေနဲ့ ပတ်သက်ပြီး၊ အာဆီယံအစည်းအဝေးအတွင်း ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Phil Mercer ဆစ်ဒနီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ သြစတြေးလျနိုင်ငံမှာရှိတဲ့ ဗီယက်နမ်၊ မြန်မာ နဲ့ ဖိလစ်ပိုင်လူမှုအသိုင်းအဝိုင်းတွေဟာ ဆစ်ဒနီမြို့လယ်မှာ စုဝေးခဲ့ကြပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၊ သူ့ရဲ့ ရုပ်တုပုံကို မီးရှို့တာတွေလုပ်တဲ့သူကို သူ့ဘက်က ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်နေတဲ့ကြားကပဲ အဲဒီမှာရှိတဲ့ ကမ္ဘောဒီးယားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးအတွင်း အကြမ်းဖက်မှုတွေတော့ မရှိခဲ့ပါဘူး။
အစည်းအဝေးအတွင်းမှာတော့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့လုပ်ရပ်တွေဟာ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်မဲ့စေတာကြောင့် သူတို့ကို ပိုပြီးတော့အစွန်းရောက်သွားစေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဒါဟာ အာဆီယံခေါင်းဆောင်တွေအချင်းချင်းကြား အဖွဲ့ဝင်တဦးဦးနဲ့ ပတ်သက်ပြီး သဘောမတူညီမှုတွေကို ရှားရှားပါးပါး ဝေဖန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
အာဆီယံခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးကြစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားစရာအခြေအနေတွေဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ပြောကြားသွားတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull က ပြောပါတယ်။ ရိုဟင်ဂျာအရေးကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဝန်ကြီးချုပ် Turnbull က ပြောပါတယ်။
"လူသားရပ်တည်မှုဆိုင်ရာ အကြပ်အတည်းဘေးဒုက္ခသည်ကြီးကို ဘယ်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်မလဲဆိုတာကို အကူအညီပေးဖို့ဟာ ကျနော်တို့ ရည်မှန်းချက်ပါ။”
ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာစိုးရိမ်မှုတွေဖြစ်ပေါ်နေပေမယ့်လည်း၊ ဒါက မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာသာဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။
"ရခိုင်ပြဿနာကို မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်နေကြပေမယ့်လည်း၊ အာဆီယံအနေနဲ့ကတော့ ဒီပြဿနာ ရလဒ် တစုံတခုထွက်လာအောင် ဖိအားပေးတာမျိုး လုပ်နိုင်မှာမဟုတ်ဘူး။"
အခုနှစ် အာဆီယံထိပ်သီးညီလာခံအတွင်းမှာတော့ လုံခြုံရေး၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေး နဲ့ ကုန်သွယ်ရေးကိစ္စရပ်တွေက အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေဖြစ်ခဲ့သလို၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ နယ်မြေချဲ့ထွင်လာနေတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အာဆီယံနိုင်ငံတွေဘက်က တရုတ်နိုင်ငံအပေါ် တိတိကျကျဝေဖန်တာတွေတော့ မရှိခဲ့ပါဘူး။
သြစတြေးလျနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့်၊ ဆွေးနွေးပွဲရဲ့မိတ်ဖက်နိုင်ငံအဖြစ်နဲ့ ဒီအာဆီယံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်နဲ့ ပထမဆုံးအကြိမ်လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ဒေသတွင်းလုံခြုံရေး နဲ့ ချမ်းသာကြွယ်ဝမှု တိုးတက်လာစေဖို့အတွက် အရေးပါတဲ့မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။
အကဲခတ်တွေကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ရှေ့တန်းတင်နေတဲ့အတွက် ၊ အာဆီယံအနေနဲ့ အပြန်အလှန်အပေးအယူလုပ် ညှိနှိုင်းပေးနိုင်တဲ့ စွမ်းပကားမရှိတဲ့ အဖွဲ့အစည်းတရပ်ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်