သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲတဲ့ အဂတိမှု ရှေ့အပတ် အပြန်အလှန် စစ်ဆေးမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၉)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရှေ့သီတင်းပတ်မှာ တရားလိုပြသက်သေကို နှစ်ဖက်ရှေ့နေတွေက အပြန်အလှန် စစ်မေးတာက အမှုအတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောလိုက်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီဘက်ကနေ တရားလိုပြသက်သေအဖြစ် ထွက်ဆိုပြီးတဲ့နောက် ရှေ့လာမယ့် သီတင်းပတ်မှာ နှစ်ဖက်ရှေ့နေတွေက သူ့ကို အပြန်အလှန် စစ်မေးသွားကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး သောကြာနေ့က နေပြည်တော်က သီးသန့်တရားရုံးမှာ ပထမဆုံး ကြားနာစစ်ဆေးချိန်မှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဦးဖြိုးမင်းသိန်းက တရားလို စစ်ကောင်စီဘက်က တင်သွင်းတဲ့ အရပ်သားသက်သေအဖြစ်နဲ့ လူကိုယ်တိုင် လာရောက်ထွက်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာနဲ့ ရွှေချောင်းတွေ ပေးတာနဲ့ ပတ်သက်လို့ စစစ်ခဲ့ပြီး ဦးဖြိုးမင်းသိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ကောင်စီရဲ့ ရုပ်သံမီဒီယာကနေ ထုတ်လွှင့်ခဲ့စဉ်ကအတိုင်း ထွက်ဆိုသွားခဲ့ကြောင်းနဲ့ အဲဒီနေ့က တရားခွင် အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေချောင်းတွေ ပေးတာ လက်ခံတာကို စစစ်ပါတယ်။ အဲဒီအမှုအနေနဲ့ အရပ်သားသက်သေတယောက်ကို ခေါ်တာမှာ ရောက်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ အဓိကစစ်မေးချက်ကတော့ ခင်ဗျားတို့ ကျနော်တို့ ဗွီဒီယိုနဲ့ရိုက်ထားတဲ့ တွေ့တဲ့အတိုင်းပေါ့ဗျာ။ အဲဒီအတိုင်းပဲ ထွက်သွားတယ်။ သူ့အနေနဲ့ကတော့ ညှိုးညှိုးငယ်ငယ်ပဲ၊ ပြန်လှန်မေးကတော့ လာမယ့် ၈ ရက်နေ့မှ ဦးဖြိုးမင်းသိန်း ပြန်လာပါမယ်။ ကျနော်တို့ ပြန်လှန်မေးရပါမယ်၊ စိတ်ဝင်စားစရာ အဲဒီအချိန် ဖြစ်ပါမယ်။ ဦးဖြိုးမင်းသိန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်သွားရတာ။ မျက်နှာမော့လည်း မကြည့်ဘူး၊ သူ့ဘာသာ ငုံ့ပြီး သွားပြီးတော့ နှုတ်ဆက်ခြင်းမပြောနဲ့ မော့တောင်မကြည့်သွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံကတော့ သိတဲ့အတိုင်း သူကတော့ ဒီလိုပဲ ကြည့်နေတာပေါ့။”

ဒီလို သက်သေထွက်ဆိုတဲ့နေရာမှာ ဦးဖြိုးမင်းသိန်းဟာ တစုံတရာ ဖိအားတွေ၊ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေကြောင့် ထွက်ဆိုတာလား၊ အဲဒီလို ဖိအားတွေ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ မပါဘဲ ထွက်ဆိုတာလား ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေသလို ဥပဒေကြောင်းအရရော နိုင်ငံရေးအရပါ အရေးပါတဲ့ အချက်လည်း ဖြစ်နေပါတယ်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ (၁) အရ ရဲလက်ထဲမှာ စုံစမ်းစစ်ဆေးမှု ရှိနေစဉ်အတွင်း ထွက်တဲ့ ထွက်ချက်ဟာ သက်သေခံမဝင်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဦးဖြိုးမင်းသိန်းဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ၊ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် သူ့ရဲ့ထွက်ချက်ဟာ ဥပဒေသဘောအရ သက်သေခံလို့ မရဘူးလို့ ဥပဒေပညာရှင်တွေနဲ့ ဥပဒေပညာဆိုင်ရာ သုတေသီတွေက ပြောပါတယ်။

ဦးဖြိုးမင်းသိန်းဘက်က တရားရုံးမှာ ဒီတပတ် အခုလို ထွက်ဆိုသွားခဲ့ပေမယ့် ရှေ့တပတ်မှာတော့ နှစ်ဖက်ရှေ့နေတွေက သူ့ကို Cross Examinations လို့ခေါ်တဲ့ အပြန်အလှန် စစ်ဆေးမေးမြန်းကြမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကလည်း အဲဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးအချိန် ဖြစ်မယ်လို့ ဆိုပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကလည်း ဦးဖြိုးမင်းသိန်းကို နှစ်ဖက်ရှေ့နေတွေ အပြန်အလှန် မေးခွန်းတွေမေးမယ့် ရှေ့လာမယ့် သောကြာနေ့ဟာ အရေးကြီးဆုံးနေ့တနေ့ဖြစ်ပြီး အားလုံး စောင့်ကြည့်ရမယ့်နေ့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“၈ ရက်နေ့မှာ သူ့ကို Cross မေးမယ်၊ ပြန်လှန်မေးခွန်း ဒီဘက်က။ အဲဒီမှာ အကုန်လုံး သူ့ကို ဝန်ခံခိုင်းတော့မှာ။ ခင်ဗျား ဘယ်လိုဖြစ်တယ်မလား၊ ဘယ်လိုဖြစ်တယ်မလား၊ ဒါကြောင့် ခင်ဗျားက ဘာဖြစ်တယ်မလား၊ အဲဒါ Cross တွေကို မေးမှာ။ ၈ ရက်နေ့က ဖြိုးမင်းသိန်းက သူ့နိုင်ငံရေးသမိုင်းက သုညဖြစ်သွားပြီးတော့ စစ်အာဏာရှင်ရဲ့ မျက်နှာဖုံး ကွာကျသွားပြီးတော့ အဲဒီနေ့မှာ ကျနော်တို့ဘက်က အောင်ပွဲပဲ။ သူတို့ကြိုက်တာ ဆုံးဖြတ်တော့။ ကျနော်တို့ဘက်က ကျနော်တို့ ပြည်သူတွေ ကမ္ဘာက သိချင်တာ အားလုံးကို ဖြိုးမင်းသိန်းက မဖြေလို့မရဘူး။ ကျနော် မသိပါ၊ မသိပါ ဆိုပြီး အဲဒီ မသိပါလို့ ပြောတဲ့ဟာတွေက နဂိုအသံ ရောက်တာပဲ။ အဲဒီနေ့ကတော့ တကယ့်ပွဲကြီးပွဲကောင်းနေ့ပဲ။ အဲဒီနေ့ကိုတော့ ခင်ဗျားတို့ စာလုံးတလုံးတောင် လွတ်မသွားစေနဲ့။ သေသေချာချာ သတင်းထောက် ကောင်းကောင်းနဲ့ လုပ်ဖို့လိုတယ်။ အဲဒီနေ့က အပြီးအပြတ်ပဲ။”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး လက်ဆောင်တွေ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတခုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်မှာ နောက်ထပ် ထူးခြားတာ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်အမှုထပ်တိုးတဲ့အကြောင်း ဆင့်ခေါ်စာ ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်ပေးခဲ့ပြီး ဘာဆိုတာတော့ မသိရသေးပါဘူး။ ဒါ့အပြင် အဂတိလိုက်စားမှုတွေကို မူလက ၂ ပတ်တကြိမ် စစ်ဖို့လုပ်ထားပေမယ့် အခုအခါမှာတော့ အပတ်စဉ် သောကြာနေ့တိုင်း ကြားနာစစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့တိုင်းလိုလို တရားရုံးကြားနာမှုတွေကို ရင်ဆိုင်ရမှာဖြစ်သလို ရှေ့နေတွေအတွက်လည်း အမှုအတွက် ပြင်ဆင်ချိန်တွေ နည်းလာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)












XS
SM
MD
LG