သုံးရလွယ်ကူစေသည့် Link များ

ဖေဖော်ဝါရီ နောက်ဆုံးအပတ် ဒေါ်အောင်ဆန်းစုကြည်အမှုများ စစ်ဆေးမှု


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်က သီးသန့်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုသွား အမှုလာ အခြေအနေတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်အတွင်း တရားခွင်ကြားနာမှုတွေထဲက ထူးခြားချက်တွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အပေါ်မှာ မလျော်သြဇာသုံး ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ပတ်သက်ပြီး တရားလိုကို နှစ်ဖက် အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့တာ၊ ၁ လကြာ ရပ်နားထားတဲ့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး Sean Turnell နဲ့ အစိုးရဝန်ကြီး ၃ ဦးရဲ့ အမှုကို ပြန်စစ်ဆေးခဲ့တာနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို စွဲချက်တင်သင့် မတင်သင့် အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာတွေ သုံးတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ကို နှစ်ဖက် အပြန်အလှန် မေးခွန်းတွေ စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ ဒီအမှုမှာ တရားလိုဘက်ကတင်တဲ့ တရားလိုပြသက်သေ အယောက် ၂၀ ရှိပြီးတော့ ဒီသက်သေတွေ အားလုံးကို ၂ လအတွင်း အပြီးစစ်ဖို့လည်း တရားရုံးဘက်က အချိန်သတ်မှတ်ထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရဝန်ကြီး ၃ ဦးကို တရားစွဲထားတဲ့ အမှုတွေကိုတော့ ၁ လကြာ ရပ်နားထားပြီးတဲ့နောက် ကြာသပတေးနေ့က ပြန်စစ်ခဲ့ပါတယ်။

အဲဒီနေ့ကတော့ တရားခွင်မှာ မှုခင်းတပ်ဖွဲ့ နည်းပညာဌာနက နည်းပညာကျွမ်းကျင်တဲ့ အရာရှိတယောက် လာရောက်ထွက်ဆိုခဲ့ပြီးတော့ Sean Turnell ရဲ့ Laptop ကွန်ပျူတာထဲမှာ တွေ့ရှိတဲ့ အချက်အလက်တွေကို တရားလိုသက်သေအဖြစ် လာရောက်ထွက်ပြီး သက်သေခံစာရွက်စာတမ်း တချို့ကို တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီရုံးချိန်းကိုတော့ အစာအိမ် အရေးပေါ်ခွဲစိတ်ကုသမှု ခံထားရတဲ့ ဦးစိုးဝင်း မတက်ရောက်နိုင်ပေမယ့် NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကတော့ ကျန်းမာရေး အပြည့်အဝ မကောင်းတဲ့ကြားက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ Sean Turnell နဲ့ ဦးဆက်အောင်တို့ကတော့ နေကောင်းပုံတွေ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။ နေပြည်တော်က သီးသန့်တရားရုံးကို နိုင်ငံခြားသံတမန်တွေကို ဝင်ခွင့်မပေးတာကြောင့် သြစတြေးလျသံရုံးဘက်က လာရောက်နိုင်ခြင်း မရှိတာလည်း တွေ့ရပါတယ်။

သောကြာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို ကြားနာစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိသာ လက်ခံရယူတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့်ဆိုတာကို နှစ်ဖက် အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။ ဒါတွေပေးတယ်လို့ ထွက်ဆိုခဲ့ပေမယ့် တရားလိုဘက်က သက်သေခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ခြင်း မရှိတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

စွပ်စွဲချက်သာရှိပြီး အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး သူမပိုင်ပစ္စည်းတွေ ထိန်းသိမ်းတဲ့ စာရင်းထဲမှာလည်း အဲဒီ ရွှေနဲ့ ဒေါ်လာ စာရင်းတွေ မပါခဲ့တဲ့အချက်ကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအမှုကို အပြီးသတ် လျှောက်လဲချက်ပေးပြီး ဖြစ်တဲ့အတွက် ရှေ့တပတ်မှာတော့ စွဲချက်တင်၊ မတင် ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ တရားလိုဘက်က သက်သေခိုင်ခိုင်မာမာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အမှုကို စွဲချက်တင်မယ် မတင်ဆိုဘူး ဆိုတာကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်နေသလို တရားစီရင်ရေး လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုတွေ ဘယ်လောက်ရှိတယ် ဆိုတာတွေကလည်း ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်နဲ့ ဥပဒေအတိုင်း တရားမျှတမှုရှိရှိ လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

ရှေ့လာမယ့် သီတင်းပတ်ကျရင်တော့ အခုလက်ရှိ စစ်ဆေးနေတဲ့ အမှုတွေထဲက Sean Turnell ရဲ့ အမှုကလွဲပြီး ကျန်တဲ့အမှုတွေကို ရက်တွေပြောင်းပြီး စစ်သွားဖို့ နေပြည်တော် သီးသန့်တရားရုံးက ရက်ချိန်းတွေ ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)











XS
SM
MD
LG