တရုတ်နိုင်ငံက DeepSeek startup ကုမ္ပဏီက ဒီလထဲမှာ သူ့ရဲ့ AI မော်ဒယ်ကို ထုတ်ပြလိုက်တဲ့အခါ တကမ္ဘာလုံးက အတော်လေးအံ့အားသင့်ခဲ့ကြပါတယ်။ တရုတ်က AI ကုမ္ပဏီတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကြီး Silicon Valley က ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။
အစက DeepSeek ဟာ အမေရိကန်က ကွန်ပြူတာချစ်ပ် (Chip) ကန့်သတ်ချက်တွေကို ဉာဏ်ရှိရှိနဲ့ ဖြေရှင်းပြီး အလုပ်ဖြစ်အောင်လုပ်နိုင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခု အဲဒီအမြင်တွေ ပြောင်းလဲလာပြီ။
ChatGPT ကို တီထွင်ထားတဲ့ အမေရိကန်အခြေစိုက် OpenAI က DeepSeek ဟာ သူတို့ရဲ့ မူပိုင်အချက်အလက်(ဒေတာ)တွေကို မလျော်မကန်သုံးပြီး AI မော်ဒယ်ကို လေ့ကျင့်ထားတာဖြစ်နိုင်တယ်လို့ စွပ်စွဲလာတယ်။ ဒါကြောင့် DeepSeek ရဲ့ အောင်မြင်မှုဟာ တကယ့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အံ့ဘွယ်တီထွင်မှုတစ်ခုလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။
DeepSeek ဟာ OpenAI ရဲ့ မော်ဒယ်တွေပေးတဲ့ အဖြေတွေကို အတုယူပြီး သူ့ AI ကို လေ့ကျင့်ထားတာဖြစ်နိုင်တဲ့ အထောက်အထားတွေကို သူတို့စစ်ဆေးနေတယ်ကြောင်း OpenAI က ဒီအပတ်ထဲမှာ မီဒီယာတွေကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
AI ဖန်တီးသူတွေကြား Distillation လို့ အသိများတဲ့ ဒီနည်းလမ်းဟာ OpenAI ရဲ့ သုံးစွဲမှုစည်းကမ်းချက်တွေအရ တားမြစ်ထားတယ်။ သူတို့ရဲ့ မော်ဒယ်ထွက်ရှိချက်တွေကို ပြိုင်ဘက်စနစ်တွေ လေ့ကျင့်ဖို့အတွက် အသုံးပြုခွင့်မရှိပါဘူး။
အမေရိကန်အစိုးအရာရှိတွေကလည်း OpenAI ရဲ့ စွပ်စွဲချက်တွေကို သဘောတူပုံရပါတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနေရာလျာထားခံရတဲ့ Howard Lutnick က DeepSeek ဟာ အမေရိကန်နည်းပညာကို အလွဲသုံးစားလုပ်ပြီး "တန်ဖိုးခပ်ပေါပေါ" AI မော်ဒယ်တစ်ခု ဖန်တီးတယ်လို့ ဒီသီတင်းပတ်ထဲမှာပဲ စွပ်စွဲခဲ့ပါတယ်။
"သူတို့က ခိုးယူတယ်။ ဝင်ရောက်ဖောက်ထွင်းတယ်။ ကျွန်တော်တို့ရဲ့ မူပိုင်ခွင့်ကို ယူသွားတယ်" လို့ Lutnick က တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။
AI နဲ့ ခရစ်ပတိုငွေကြေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး David Sacks ရဲ့တုန့်ပြန်မှုကတော့ သိပ်မပြင်းထန်ပါဘူး။ DeepSeek က အမေရိကန်မူပိုင်ခွင့်ကို ခိုးယူထားတာ "ဖြစ်နိုင်တယ်" လို့ပဲ ဆိုပါတယ်။
Fox News နဲ့ အင်တာဗျူးမှာ Sacks က DeepSeek ဟာ "OpenAI ရဲ့ မော်ဒယ်တွေထဲက အသိပညာတွေကို ညှစ်ထုတ်ယူထားတယ်" ဆိုတဲ့ "ခိုင်လုံတဲ့သက်သေ" ရှိတယ်လို့ ပြောတယ်။ "အတုခိုး" AI စနစ်တွေ ပေါ်ပေါက်လာတာကို ထိန်းချုပ်ဖို့ ပိုကြိုးစားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တယ်။
ဒီအငြင်းပွားမှုရဲ့ အဓိကမေးခွန်းက AI ရဲ့အနာဂတ်အတွက် အရေးကြီးပါတယ်။ တခြားသူတွေဆီက ယူထားတဲ့ (အချက်အလက်) ဒေတာတွေနဲ့ တည်ဆောက်ထားတဲ့ ပရိုဂရမ်တွေအပေါ် ကုမ္ပဏီတွေက ဘယ်လောက်အထိ ထိန်းချုပ်ခွင့်ရှိသင့်ပါသလဲ။
AI ဒေတာ အငြင်းပွားမှု
ဒီမေးခွန်းက OpenAI အတွက် အထူးသက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာလည်း တရားရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရလို့ပါ။ မီဒီယာကုမ္ပဏီပေါင်းများစွာနဲ့ စာရေးဆရာတွေက OpenAI ကို တရားစွဲထားပါတယ်။ OpenAI ဟာ AI မော်ဒယ်တွေ လေ့ကျင့်ဖို့အတွက် မူပိုင်ခွင့်ရှိတဲ့ အကြောင်းအရာတွေကို တရားမဝင်သုံးခဲ့တယ်လို့ သူတို့က စွပ်စွဲထားတာပါ။
မူပိုင်ခွင့်၊ AI နဲ့ ဒေတာအခွင့်အရေးတွေမှာ အထူးပြုတဲ့ Loyola ဥပဒေကျောင်းက ပါမောက္ခ Justin Hughes က OpenAI က DeepSeek အပေါ် စွပ်စွဲချက်တွေဟာ "အံ့ဖွယ်ထူးဆန်းတဲ့ အငြင်းပွားမှု" ဖြစ်တယ်လို့ ပြောတယ်။ OpenAI မှာလည်း သူ့ဘာသာ တရားရေးပြဿနာတွေ ရှိနေတဲ့အတွက်ပါ။
"OpenAI ဟာ သူတို့ တခြားသူတွေရဲ့ အကြောင်းအရာတွေကို ယူသုံးတဲ့အချိန်တုန်းကတော့ ဒါဟာ 'မျှတတယ်' လို့ ပြောဖို့ ဝန်မလေးခဲ့ပါဘူး" လို့ Hughes က VOA ကို အီးမေးလ်နဲ့ ပြောပြပါတယ်။
"OpenAI က တခြားပလက်ဖောင်းတွေရဲ့ သုံးစွဲမှုစည်းကမ်းချက်တွေကို ချိုးဖောက်ပြီး သူလိုချင်တဲ့ လေ့ကျင့်ရေးဒေတာတွေ ရယူခဲ့တယ်ဆိုတဲ့သတင်းတွေက မှန်ရင် OpenAI က DeepSeek ကို တိုင်တန်းနေတာဟာ ဟာသသိပ်ဆန်တယ်လို့ ပြောလို့ရမယ်"
DeepSeek က OpenAI ရဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ခြင်း မရှိသေးဘူး။ ဟောင်ကောင်အခြေစိုက် AI ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ Johnny Zou ပြောတာကတော့ DeepSeek က သူ့ရဲ့ အပြန်အလှန်စကားပြောနည်းပညာ (chat bot) အသစ်နဲ့အတူ ထုတ်ပြန်တဲ့ နည်းပညာဆိုင်ရာ စာတမ်းမှာ သူတို့ရဲ့ မော်ဒယ်တချို့ကို တခြား open-source မော်ဒယ်တွေနဲ့အတူ လေ့ကျင့်ထားကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။ ဥပမာ - တရုတ်နိုင်ငံက Alibaba က တီထွင်ထားတဲ့ Qwen နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ထုတ်ထားတဲ့ Llama တို့လိုမျိုးတွေပါ။
ဒါပေမယ့် OpenAI က ပြောနေတာက DeepSeek ဟာ လွတ်လပ်စွာ အသုံးပြုခွင့်မရှိတဲ့ သူတို့ရဲ့ closed-source မော်ဒယ်တွေကို မလျော်မကန် အသုံးပြုထားတယ်ဆိုတာပါ။ ဒီမော်ဒယ်တွေကို တခြား AI စနစ်တွေ လေ့ကျင့်ဖို့အတွက် လွတ်လပ်စွာ အသုံးပြုခွင့်မရှိဘူး။
"ဒါ တော်တော်လေး ပြင်းထန်တဲ့ ထုတ်ပြန်ချက်ပဲ" လို့ Zou က ပြောတယ်။ ဒါပေမယ့် OpenAI က DeepSeek ရဲ့ မှားယွင်းတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သက်သေအထောက်အထား မပြသေးဘူးလို့လည်း သူက မှတ်ချက်ပြုတယ်။
မလျော်မကန် distillation လုပ်ထားတယ်ဆိုတာကို သက်သေပြဖို့ ခက်နိုင်တယ်လို့ Zou က ထပ်ပြောတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ရဲ့ မော်ဒယ်တွေကို ဘယ်လို လေ့ကျင့်ထားလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြရမှာမို့လို့ပါ။
OpenAI က ခိုင်လုံတဲ့သက်သေ တင်ပြနိုင်ရင်တောင် သူ့မှာ တရားရေးအရ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အကန့်အသတ်ရှိနိုင်တယ်။ Zou က ပြောတာကတော့ ကုမ္ပဏီအနေနဲ့ သုံးစွဲမှုစည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက် DeepSeek ကို တရားစွဲနိုင်တယ်တဲ့။ ဒါပေမယ့် ကျွမ်းကျင်သူအားလုံးက ဒီလိုတရားစွဲဆိုမှုက တရားရုံးမှာ အနိုင်ရမယ်လို့ မယုံကြည်ကြပါဘူး။
မူပိုင်ခွင့်နဲ့ နည်းပညာမှာ အထူးပြုတဲ့ Stanford ဥပဒေကျောင်းက ပါမောက္ခ Mark Lemley က "DeepSeek က OpenAI ရဲ့ ဒေတာပေါ်မှာ လေ့ကျင့်ထားတယ်လို့ယူဆရင်တောင် အားကောင်းတဲ့ အမှုတခုမဖြစ်နိုင်ဘူးလို့ ထင်တယ်" လို့ ပြောပါတယ်။
AI မော်ဒယ်တွေမှာ တင်းကြပ်တဲ့ သုံးစွဲမှုစည်းကမ်းချက်တွေ ရှိနေပေမယ့် "မော်ဒယ်တီထွင်သူတွေက ဒီစည်းကမ်းချက်တွေကို ငွေကြေးဒဏ်ခတ်မှုတွေ သို့မဟုတ် တားမြစ်အမိန့်တွေနဲ့ တကယ်တမ်း ကြပ်မတ်ဖို့ မကြိုးစားကြသေးဘူး" လို့ Lemley က ပူးတွဲစာရေးဆရာ Peter Henderson နဲ့အတူ မကြာသေးခင်က ရေးသားခဲ့တဲ့ စာတမ်းတစ်စောင်မှာ ဖော်ပြထားတယ်။
ဒီကန့်သတ်ချက်တွေက မကြပ်မတ်နိုင်ဘူးလို့ စာတမ်းက ဆိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ ကာကွယ်လိုတဲ့ အကြောင်းအရာတွေက "အများအားဖြင့် မူပိုင်ခွင့်အဖြစ်မှတ်ပုံတင်နိုင်တဲ့အရာတွေ မဟုတ်လို့ပါ"။
"ဒီပြဋ္ဌာန်းချက်တွေဟာ ဥပေဒထုတ်ကြပ်မတ်လို့မရနိုင်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိတယ်။ သူတို့က သုတေသနကောင်းတွေကို ဟန့်တားတယ်၊ ယှဉ်ပြိုင်မှုကို ကန့်သတ်တယ်၊ ပြီးတော့ မရှိသင့်တဲ့ တစ်ပိုင်းတစ်စ မူပိုင်ခွင့်ပိုင်ဆိုင်မှုတွေ ဖန်တီးနေတယ်" လို့ စာတမ်းက မှတ်ချက်ပြုထားတယ်။
Hughes ပြောတာကတော့ OpenAI ရဲ့ အဓိကတရားရေးစွဲချက်က စာချုပ်ချိုးဖောက်မှုပဲ ဖြစ်မယ်တဲ့။ ဒါပေမယ့် အဲဒီလိုဖြစ်ရင်တောင် "အမေရိကန်မှာ သိသာထင်ရှားတဲ့ ပိုင်ဆိုင်မှုမရှိတဲ့ တရုတ်ကုမ္ပဏီတစ်ခုအပေါ် အမိန့်အာဏာထုတ်အရေးယူဖို့ကတော့ ကံကောင်းပါစေလို့ပဲ ဆုတောင်းရမယ်" လို့ သူက ထပ်ဖြည့်ပြောပါတယ်။
ဖြစ်နိုင်တဲ့ ရွေးချယ်စရာများ
ငွေကြေးဆိုင်ရာ အကျိုးစီးပွားတွေက ဒီအငြင်းပွားမှုကို ပိုမိုအရေးတကြီး ဖြစ်စေပါတယ်။ DeepSeek ရဲ့ နောက်ဆုံးပေါ်နည်းပညာတိုးတက်မှု သတင်းကြောင့် အမေရိကန်နည်းပညာရှယ်ယာတွေ တနင်္လာနေ့မှာ ကျဆင်းသွားတယ်။ နောက်ပိုင်းမှာတော့ နည်းနည်းပြန်တက်လာပါတယ်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလောင်း Lutnick က တရုတ်နိုင်ငံက အဆင့်မြင့် AI မော်ဒယ်တွေကို ကူးယူတာကို တားဆီးဖို့ အကောက်ခွန်အပါအဝင် အစိုးရရဲ့ ထပ်တိုးအရေးယူမှုတွေကို အသုံးပြုနိုင်တယ်လို့ အကြံပြုထားတယ်။
ဒါပေမယ့် အဲဒီနေ့မှာပဲ အမေရိကန်သမ္မတ Donald Trump က မတူတဲ့အမြင်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့တယ်။ DeepSeek ရဲ့ တိုးတက်မှုအပေါ် အကောင်းမြင်တဲ့သဘောထားနဲ့ ပြောဆိုခဲ့တာဟာ လုပ်ငန်းအတွင်းက လူတွေကို အံ့အားသင့်စေခဲ့တယ်။
တရုတ်ကုမ္ပဏီရဲ့ တန်ဖိုးနည်းမော်ဒယ်ဟာ AI အတွက် "တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှု" တစ်ခုဖြစ်တယ်လို့ Trump က ပြောတယ်။ ဘာလို့လဲဆိုတော့ "ဘီလီယံနဲ့ချီပြီး သုံးစွဲရမယ့်အစား ငွေနည်းနည်းပဲ သုံးပြီး မျှော်လင့်ချက်အရ အဖြေတူကို ရနိုင်မှာမို့လို့ပါ"။
Hughes က ပြောတာကတော့ DeepSeek က တန်ဖိုးသက်သာပြီး ယှဉ်ပြိုင်နိုင်တဲ့ AI မော်ဒယ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် လက်ရှိ AI ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားသူတွေ သို့မဟုတ် ရှယ်ယာပိုင်ဆိုင်သူတွေအတွက် မကောင်းနိုင်ဘူးတဲ့။
"ဒါပေမယ့် ကျန်တဲ့လူတွေအတွက်တော့ ကောင်းနိုင်တယ်" လို့ သူက ထပ်ဖြည့်ပြောတယ်။ မကြာသေးခင်အထိ လက်ရှိနည်းပညာကုမ္ပဏီကြီးတွေကပဲ "Generative AI နယ်ပယ်မှာ ဝင်ကစားနိုင်တဲ့ အရင်းအမြစ်တွေ ရှိတယ်" လို့ သူက ထောက်ပြတယ်။
"တကယ်လို့ DeepSeek က အဲဒါကို မမှန်ကြောင်းသက်သေပြလိုက်နိုင်ရင်၊ တရုတ်က အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ လုပ်နိုင်တဲ့အရာကို အမေရိကန်က Detroit သို့မဟုတ် Denver သို့မဟုတ် Boston မြို့တွေက အရင်းအမြစ်တူတဲ့ အင်ဂျင်နီယာအဖွဲ့တွေလည်း လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်သင့်တယ်" လို့ သူက ပြောပါတယ်။
Forum