{{Zawgyi/Unicode}}
မြန်မာနိုင်ငံက ထင်ရှားတဲ့တိုင်းရင်းသားအဖွဲ့အစည်းအများအပြားနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က မတ်လ ၄ ရက် စနေနေ့မှာ သူ့တွစ်တာကနေပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပြဿနာတွေအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်တည်ဆောက်နိုင်ရေး အဖြေရှာနေတဲ့ အရပ်ဘက်လူမှုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာတာနဲ့အတူ အမေရိကန်ပြည်ထောင်စု ကလည်း တသားတည်းရပ်တည်နေကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့ပြင် သောကြာနေ့ကလည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနကနေ နောက်ထပ် မြန်မာကုမ္ပဏီ ၃ ခုကို အမေရိကန်ရဲ့အရေးယူဒဏ်ခတ်မှု ချမှတ်ထားတဲ့ စာရင်းထဲထပ်ပြီး ထည့်သွင်းလိုက်တယ်လို့ အတိုင်ပင်ခံ Derek Chollet ရဲ့ ပြောကြားချက်ကို ရန်ကုန် အမေရိကန်သံရုံးရဲ့ လူမှုမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။ ဒီကုမ္ပဏီတွေဟာ မြန်မာစစ်ကောင်စီကို စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာတွေ ဖြန့်ဖြူးပေးနေတဲ့အတွက် စစ်ကောင်စီက ပြည်သူတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖေါ်ထုတ်ပြီး နောက်ယောင်ခံ လိုက်တာတွေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်နိုင်နေတာကြောင့် ဖြစ်တယ်လို့ ဖေါ်ပြထားတာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေတိုးလာတာကို တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာသိမ်းပြီး နောက်တလမှာပဲ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ပို့ကုန်ဆိုင်ရာကန့်သတ်အရေးယူမှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အတိုင်ပင်ခံ Derek Chollet ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ နဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ နယူးရောက်မှာ ၂၀၂၂ စက်တင်ဘာလကုန်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီလလယ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းဖြေရှင်းရေးအတွက် အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
===============
{{Unicode}}}
ကန်နိုင်ငံခြားရေး အတိုင်ပင်ခံ မြန်မာတိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ

#DerekChollet #CRPH #NUG #sanctions #ဒဏ်ခတ်ပိတ်ဆို့ #မြန်မာစစ်ကောင်စီ
===============