သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးတဦး မဲဆောက်မှာသေဆုံးမှု ထိုင်းရဲစခန်းမှာ အမှုဖွင့်


အိမ်တွင်းအကြမ်းဖက်ခံရပြီး လွန်ခဲ့တဲ့နှစ်လကျော်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာသေဆုံးသွားတဲ့ မထက်ထက်ဇော်။ (ဓာတ်ပုံ-ထိပ်ထား ဖေ့စ်ဘုတ်)
အိမ်တွင်းအကြမ်းဖက်ခံရပြီး လွန်ခဲ့တဲ့နှစ်လကျော်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာသေဆုံးသွားတဲ့ မထက်ထက်ဇော်။ (ဓာတ်ပုံ-ထိပ်ထား ဖေ့စ်ဘုတ်)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လွန်ခဲ့တဲ့ နှစ်လကျော်လောက်က မြန်မာအမျိုးသမီးတဦး အိမ်တွင်းအကြမ်းဖက်ခံရပြီး အသက်သေဆုံးခဲ့ရတယ်ဆိုတဲ့ဖြစ်ရပ်ကို ထိုင်းရဲက အမှုဖွင့်ထားပါပြီ။ တရားခံအဖြစ်စွပ်စွဲခံထားရတဲ့ ခင်ပွန်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ သေဆုံးသွားသူ အမျိုးသမီးကို သင်္ဂြိုဟ်နိုင်ရေး အကူအညီပေးနေကြောင်း Sister to Sister အမျိုးသမီးအဖွဲ့က မထိပ်ထားက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဆေးရုံမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးသွားသူအမျိုးသမီးငယ်ဟာ အသက် (၂၆) နှစ်ဝန်းကျင်ရှိပြီး သူ့နာမည်က မထက်ထက်ဇော် ဖြစ်ကြောင်း ဆေးရုံမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။ သူဟာ ဧပြီလက မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းသည် (အမည်- ဝဠာ) ဆီကို မြန်မာဘက်ခြမ်းကနေ လာတွေ့ချိန်မှာ အခုလို သေဆုံးခဲ့တာဖြစ်ကြောင်း အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးနေတဲ့ Sister to Sister အဖွဲ့က မထိပ်ထားက ဗွီအိုအေကိုပြောပါတယ်။

မျက်နှာကို လက်သီးနဲ့အချက်ပေါင်းများစွာအထိုးခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကုသဖို့ မထက်ထက်ဇော်ကို မယ်တော်ဆေးခန်းကတဆင့် မဲဆောက်ဆေးရုံကြီး၊အဲဒီကတဆင့် တာ့ခ်ဆေးရုံအထိရောက်ခဲ့ပြီး နောက်ဆုံး အဲဒီဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ မထိပ်ထားက ပြောပါတယ်။

“တခြားလက်နက်တွေသုံးပြီး ရိုက်နှက်တာမျိုးမဟုတ်ဘဲနဲ့ လက်သီးနဲ့ပဲထိုးသွားတာ။ လက်သီးနဲ့ထိုးပြီးတော့ အမျိုးသမီးက ဦးနှောက်သွေးယိုစီးမှုနဲ့ ခွဲစိတ်မှုလုပ်ဖို့တွေကြိုးစားခဲ့သေးတယ်။ ထိုင်းကကယ်ဖို့ ကြိုးစားတယ်ပေါ့နော်။ ဆေးရုံ သုံးခုလောက်ပြောင်းလိုက်တယ်။ ဒါပေမယ့် မရလိုက်ဘူး။ ဘယ်လောက် အခြေအနေဆိုးလဲဆို ဆေးရုံရောက်နေကတည်းက အမျိုးသမီးက လွန်နေပြီ၊ တုတ်တွေ ဓားတွေနဲ့ ရိုက်ထားတဲ့ အဲ့လိုဒဏ်ရာတွေ မဟုတ်ဘူး။”

လူနာစောင့်အဖြစ်ကူညီပေးခဲ့သူ အမျိုးသမီးကလည်း မထက်ထက်ဇော်ကို ထိုင်းဆေးရုံက အတတ်နိုင်ဆုံးကုသပေးခဲ့တယ်လို့ အတည်ပြုပါတယ်။

လက်ရှိ ထိုင်းရဲတွေက မထက်ထက်ဇော်သေဆုံးတဲ့ ဖြစ်ရပ်ကို အမှုဖွင့်ပြီး ဆက်စုံစမ်း နေပေမယ့် တရားခံအဖြစ်ယူဆရတဲ့ ခင်ပွန်းဖြစ်သူဝဠာကတော့ အခုချိန်ထိ ထွက်ပြေးတိမ်ရှောင်နေဆဲဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး အခက်အခဲတွေရှိနေတယ်လို့ မထိပ်ထားကဆိုပါတယ်။

“ထိုင်းရဲကတော့ ဆက်ပြီးတော့ စုံစမ်းတယ်၊ ဘာညာ... ပြောတာတော့ ရှိတယ်။ အတည်ပြုပြောတာတော့ မရှိပေမယ့် သူတို့အမှုက ဒီတိုင်း တန်းလန်းရှိနေတယ်ဆိုတာတော့ ကျနော်တို့ သိတယ်။ သူတို့လည်း စုံစမ်းကောင်း စုံစမ်းမှာပါ။ ဒါပေမယ့် ကျနော်တို့ဗမာလည်း ဖြစ်နေတယ်။ ဗမာဖြစ်နေတယ်ဆိုလို့ရှိရင် များသောအားဖြင့်က သိပ်အာရုံစိုက်မခံရတာ များပါတယ်။ တရားခံသာ မမိခဲ့ရင်တော့ သူတို့ထိုင်းကလည်း အဲ့လောက်ထိ လိုက်စုံစမ်းမယ်လို့တော့ ကျနော် မထင်ဘူးပေါ့နော်။”

မထက်ထက်ဇော် သေဆုံးမှုနဲ့ပတ်သက်လို့ မဲဆောက်က ထိုင်းရဲစခန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

တာ့ခ်ဆေးရုံမှာ နှစ်လကျော်ကြာရှိနေတဲ့ မထက်ထက်ဇော်ရဲ့ရုပ်အလောင်းကို ထုတ်ယူပြီး ကောင်းမွန်စွာသင်္ဂြိုဟ်နိုင်ဖို့ဆန္ဒရှိကြောင်း မိသားစုဝင်တွေက ဗွီအိုအေကိုပြောပါတယ်။

Forum

XS
SM
MD
LG