သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ မြန်မာနွယ်ဖွားတွေ ကြိုတင်မဲပေး


ကြိုတင်မဲပေးနေစဉ်
ကြိုတင်မဲပေးနေစဉ်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲပေးကြဖို့ သီတင်း တပတ် လိုနေသေးပေမယ့်လည်း ဝါရှင်တန် ဒီစီအပါအဝင် ပြည်နယ်ပေါင်း ၃၇ ပြည်နယ်မှာ ကြိုတင်မဲပေးခွင့် ပြုထားတယ်ဆိုပေမယ့် တချို့ပြည်နယ်တွေမှာတော့ စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ကြိုတင်မဲတွေကို ပေးနေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကြိုတင်မဲပေးခွင့်နဲ့ဆိုင်တဲ့ ပြဌာန်းချက်တွေကို ပြည်နယ်တခုချင်းစီက ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ ကြိုတင်မဲပေးတဲ့သူ အရေအတွက်ဟာ ၇% သာ ရှိခဲ့တာပါ။ အဲဒီတုန်းက ကြိုတင်မဲပေးဖို့အတွက် နေထိုင်မကောင်းတာ၊ ရွေးကောက်ပွဲနေ့မှာ ကိုယ့်အိမ်နဲ့ ဝေးတဲ့နေရာ၊ ဥပမာအားဖြင့် ရေခြား မြေခြား တိုင်းတပါး ဒေသကို ရောက်နေတာ စတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြုချက် ကြိုတင် တောင်းခံပြီးတော့မှသာ ပျက်ကွက်မဲအဖြစ်နဲ့ ကြိုတင်မဲပေးခွင့် ရှိတာပါ။

ဒါပေမယ့် ဒီနှစ် ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲပေးဖို့အတွက် အကြောင်းပြချက် တစုံတရာ ပြစရာမလိုတဲ့အတွက် နိုဝင်ဘာ ၈ ရက်နေ့မတိုင်ခင် အမေရိကန်မဲဆန္ဒရှင် ၄၀% ကျော်ဟာ မဲပေးပြီးကြပြီး ဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ကြိုတင်မဲပေးတဲ့သူတွေဟာ မဲပေးတဲ့နေ့မှာ တန်းစီပြီး မစောင့်ချင်တာ ၊ အလုပ်မအားတဲ့အတွက် မဲမပေးအားတာ၊ ခရီးလွန်နေတာ စတဲ့အကြောင်း ပြချက်မျိုးမျိုးကြောင့် မဲမပေးလိုက်ရပဲ မရှိအောင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အသီးသီးက ကြိုတင်မဲပေးတဲ့စံနစ်ကို တွင်တွင်ကျယ်ကျယ် ခွင့်ပြုလာနေတာ ဖြစ်ပါတယ်။

ကြိုတင်မဲပေးရတာ အဆင်ပြေတဲ့အကြောင်း West Virginia ပြည်နယ်က မဲဆန္ဒရှင်တဦးဖြစ်သူ Joe Brookreson ကတော့ အခုလို ပြောပါတယ်။

“မဲပေးတာဟာ အစဉ်အလာတခုလို ဖြစ်နေတာကြောင့် ကျနော့်အနေနဲ့ မဲပေးဖို့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ ကြိုတင်မဲပေးတာကျတော့လည်း အချိန်ကုန်သက်သာပြီး အဆင်ပြေတယ်လေ။ အဲဒါကြောင့် ကျနော်ကတော့ ကြိုက်တယ်။”

Bruce Jones လို ပုဂ္ဂိုလ်တွေကျတော့လည်း - မဲပေးရမယ့် ရက်နီးလာလေ အခြေအနေတွေက ပိုရှုပ်ထွေးလေ ဖြစ်လေ့ရှိတာကြောင့် ကိစ္စပြီးသွားအောင် စောစော မဲပေးလိုက်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ကြိုတင် မဲပေးရတာကို ကြိုက်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အခြေအနေတွေက ပိုပိုပြီး ရှုပ်ထွေးလာတတ်လွန်းလို့ပါ။ မဲပေးရမယ့်ရက်နီးလာလေလေ ဖိအားပေးမှုတွေ များလာလေလေဖြစ်တော့ မဲမပေးလိုက်ရတာမျိုး မဖြစ်ချင်ဘူး။”

အမေရိကန်တွေလိုပဲ အခုနှစ် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးကြတဲ့ မြန်မာတွေလည်း အများအပြား ရှိနေတာပါ။

Indiana ပြည်နယ်၊ Fort Wayne မြို့မှာကိုယ်တိုင် ကြိုတင် မဲပေးခဲ့တဲ့အပြင် အခုနှစ်မှ မဲပေးခွင့်ရကြတဲ့ မြန်မာနွယ်ဖွား၊ အမေရိကန်နိုင်ငံသားတွေပါ မဲပေးနိုင်ရေးအတွက် အောက်တိုဘာလ ၂၉ ရက်နေ့က ကူညီလုပ်ဆောင်ပေးဖြစ်ခဲ့တယ်လို့ မမင်းမင်းထွေးငယ်က ပြောပါတယ်။

“အဓိက ကြိုတင်မဲပေးရတဲ့ ရည်ရွယ်ချက်ကတော့ Citizen တယောက်အနေနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တယ်လို့ လုပ်ဖြစ်သွားတာပါ။ နောက်ပြီးတော့ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို ကိုယ့်ဟာကို ဆုံးဖြတ်ထားပြီးသားဆိုတော့ အဲဒါကြောင့်မို့ကြိုတင်ပြီးတော့ ပေးလိုက်တာပါ။ နောက်တခုကတော့ ဒီမှာရှိနေတဲ့ မြန်မာတွေတော်များများ မိသားစုတွေက ဒီရက်ကအားလုံး အတွက်က ပိုပြီးအဆင်ပြေတယ်။ နောက်ပြီး သူတို့လည်းအဆင်ပြေအောင် ဆိုပြီးတော့ တခါတည်းအဲလိုသွားပြီး မဲပေးဖြစ်တယ်။ တန်းစီတာကတော့ ကြိုတင်မဲပေးလည်း လိုင်းက အရှည်ကြီးပဲ၊ အကြာကြီးစောင့်ရတယ်။ ဒီ state ကတော့ Republican State ဆိုတော့ လက်ရှိလည်း Republican အများစုကပဲ အနိုင်ရနေတယ်။ ဒါပေမယ့် General election ကတော့ ဒီမိုကရက်တစ် အနိုင်ရမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်ယုံကြည်တဲ့လူ၊ ကိုယ်လက်ခံနိုင်တဲ့လူကို လွတ်လွတ်လပ်လပ်မဲပေးလို့ရတယ်။ မြန်မာတွေအများစုကတော့ ကျမတို့နဲ့အတူသွားပေးတဲ့သူအများစုကတော့ ဒီမိုကရက်တစ်ကို ပိုပြီးတော့ စိတ်အားထက်သန်တဲ့ လူတွေဖြစ်တယ်။ Hillary Clinton ကို ပိုပြီး သဘောကျတဲ့ လူတွေဖြစ်တယ်။ တချိန်တည်းမှာလည်းDonald Trump ကို ကြိုက်တဲ့လူတွေလည်း ရှိမှာပါ။

Wisconsin ပြည်နယ်၊ Madison မြို့မှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွား၊ အမေရိကန်နိုင်ငံသူ မသင်းသင်းကလည်း ဘာကြောင့် ကြိုတင်မဲပေးခဲ့တယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။

“ကြိုတင်မဲပေးရတဲ့ အဓိကအကြောင်းအရင်းကတော့ ၂ ချက်ရှိတယ်။ ၁ ချက်က အများမဲပေးတဲ့ နေ့ကျမှ သွားရင် လူတွေအရမ်းများပြီးတော့ တန်းစီနေရမှာစိုးတာရယ်၊ နောက်ပြီးတော့ ကျမနေတဲ့ ပြည်နယ်က အရမ်းအေးပါတယ်။ ဆိုတော့ အပြင်မှာ အကြာကြီးစောင့်နေရမှာရယ် အဲဒါတွေကြောင့် ကျမက ကြိုတင်မဲ အမြဲပေးနေကြပါ။ ဒီမှာကတော့ ကိုယ်နေတဲ့ ရပ်ကွက်အလိုက် သတ်မှတ်ပေးထားတာရှိပါတယ် ဘယ်မှာသွားပြီးတော့ မဲပေးရမယ်ဆိုတာ။ ကျမလိပ်စာက ဘယ်မှာ ကျသလဲဆိုတော့ မြို့နယ် ပြည်သူ့ကောင်စီရုံး လိုနေရာမျိုးမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျမတို့က မဲသွားပေးရပါတယ်။ ကျမမဲပေးခဲ့ရတာကတော့ စာရွက်ပေါ်မှာပဲပေါ့နော် အဝိုင်းကလေးပေးထားတယ်။ ကိုယ်ရွေးတဲ့လူရဲ့ နာမည်ရဲ့ဘေးနားမှာ အဝိုင်းလေးကို ခဲတံနဲ့ အမဲစက် ထင်အောင်ဖြည့်ပေးရပါတယ်။ အခုနှစ်မှာတော့ သမ္မတရယ် ပြည်နယ်ဆိုင်ရာ အမတ်ရွေးကောက်ပွဲရယ် ရှိပါတယ်။ အဲဒါရယ် ကျမမှတ်မိသလောက်ပြောရရင်တော့ တရားသူကြီးလားမသိဘူး ကျမမဲပေးခဲ့ရပါတယ်။ ကျမက Hillary Clinton ကိုမဲပေးခဲ့ပါတယ်။ ဘာကြောင့်ပေးရသလဲဆိုတော့ Hillary Clinton ရဲ့ Policy ကို ကျမပိုပြီးတော့ လက်ခံလို့ပါ။ အခုရွေးကောက်ပွဲနီးတော့မှပဲ FBI က Hillary Clinton ရဲ့ Email ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ထပ်ပြီးတော့ စုံစမ်းမယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ ဒါပေမယ့် အဲဒီသတင်းတွေထွက်လာပေမယ့်လည်း ကျမကတော့ Hillary ကိုထောက်ခံမဲပေးဖို့ကတော့ မပြောင်းသွားပါဘူး။”

Hillary Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က အသုံးပြုခဲ့တဲ့ အီးမေးလ် အရှုပ်တော်ပုံကိစ္စအတွက် FBI ပြည်ထောင်စု စုံစမ်းရေးဗြူရိုအနေနဲ့ စုံစမ်း စစ်ဆေးမှု အသစ်တွေ ပြုလုပ်နေကြောင်း FBI ညွန်ကြားရေးမှူး James Comey က လွှတ်တော်ကို အသိပေး အကြောင်းကြားလိုက်ပြီးတဲ့နောက် Hillary Clinton အပေါ် ထောက်ခံမှုတွေ တဖြည်းဖြည်း ကျဆင်းလာမယ့် အလားအလာ ရှိပေမယ့် လူထုစစ်တမ်းတွေမှာ သမ္မတလောင်း Clinton ဟာ အသာစီး ရနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG