သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာလုပ်ငန်းပိုင်း ညှိနှိုင်းဖို့အကြံပြု


၂၀၁၅ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)
၂၀၁၅ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါကာလ အကန့်အသတ်တွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြုံလာရမယ့် စိန်ခေါ်မှုတွေအပေါ် စိုးရိမ်မကင်း ဖြစ်သူတွေထဲ သတင်းမီဒီယာတွေလည်း ပါဝင်လာတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

ကျင်းပဖို့ ၄ လလောက်သာ လိုတော့တဲ့အချိန်အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြည့်ပြည့်ဝဝ မသိရသေးတဲ့အပေါ် နိုင်ငံရေး အသိုင်းအဝန်းက စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေသလို၊ သတင်းမီဒီယာတွေ အနေနဲ့လည်း သတင်းရယူမှုတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကြုံရမှာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ကပ်ရောဂါနဲ့ ကြုံရချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို အကန့်အသတ်နဲ့သာ ဆောင်ရွက်နေရချိန်မှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးလာနေတာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သဘောပေါက်ဖို့လိုတယ်လို့ ထောက်ပြလာသူကတော့ NHK သတင်းဌာနက ကိုသီဟသွေးပါ။

"ဒီကိုဗစ် အခြေအနေမှာ မီဒီယာတွေဘက်ကလည်း လိုအပ်တယ်။ အစိုးရဘက်ကလည်းလိုအပ်တယ်။ ကိုဗစ်ခြိမ်းခြောက်မှုရှိရင် အစိုးရဘက်က ဘယ်လိုကျင်းပမှာလည်း ဒီအပေါ်ဘယ်လိုပြင်ဆင်ကြမှာလဲ တရက်ထဲရွေး ကောက်ပွဲကလုပ်မှာဆိုတော့ ဒီအခြေအတွက် ထည့်စဉ်းစားရမယ်။ တိုင်ပင်ရမယ်။ ကပ်မှ လုပ်ဆောင်လို့ မရဘူး။ ကပ်မှလုပ်လာရင်မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာနိုင်တယ်။ ဘယ်လိုအခြေအနေရှိရင် ဘယ်လိုလုပ်မယ် မီဒီယာတွေကကော အဆင်ပြေလာစသဖြင့် ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲ လုပ်ရမယ်။ မီဒီယာလွတ်လပ်ခွင့်အားနည်းရင် ရွေးကောက်ပွဲရလဒ်က အများကြီးသက်ရောက်မှု ရှိနိုင်တာမို့ ဒီအတွက် ၂ ဘက်သေချာလုပ်ဆောင်ပေးဖို့လိုအပ်တယ်။"

ဒီသီတင်းပတ်ထဲ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေနဲ့ သမ္မတဦးဝင်းမြင့် တွေ့ဆုံရာမှာတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်အောင် စီစဉ်ဖို့ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မမှန်မကန် ဟောပြောလှုံ့ဆော်မှုတွေကို ထိန်းချုပ်ဖို့ အသိပညာပေး ရုပ်သံအစီအစဉ်တွေ ဇာတ်လမ်းတွေ သီချင်းတွေ ထုတ်လွှင့်ဖို့နဲ့ အမုန်းစကားတွေ မပြန့်ပွားအောင် ထိန်းချုပ်ဖို့ လိုအပ်ကြောင်းလည်း သတိပေးသွားပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် သမာသမတ်ကျဖို့ သတင်းမီဒီယာတွေမှာလည်း တာဝန်ရှိတယ်လို့ မြင်ပါတယ်။

"စိန်ခေါ်မှုတွေ အနေနဲ့ မီဒီယာသမားအနေနဲ့ ကွဲပြားဖို့လိုမယ်။ သတင်းမီဒီယာအနေနဲ့ ကိုယ်တိုင်က နိုင်ငံသားဆိုရင်တောင် သူက ရိုးရိုးနိုင်ငံသား မဟုတ်ဘူးဆိုတာကို သတိချပ်သင့်တယ်။ ကြိုက်တဲ့ဘက် တဘက်ဘက်ကို လုပ်ငန်းအရ ဘက်လိုက်မှုမဖြစ်အောင် ကိုလုပ်ဆောင်ဖို့လိုအပ်တယ်။ အဲဒါအရေးကြီးဆုံးဘဲ။ သူ့အလုပ်က အဲလိုရပ်တည်ဖို့ မဟုတ်ဘူးလေ။ အများပြည်သူကို အသိပေးဖိူ့ ပြည်သူကြိုက်တဲ့ပါတီတွေ အခြေအနေနားလည်အောင်ဖော်ပြပေးဖို့ပဲ။ ဒါကတော့စိန်ခေါ်မှုတခုဖြစ်မယ်။"

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေရှိနေပေမဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ပြုကြောင်းလည်း ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကြောင့် ကြန့်ကြာမှုတွေ ကြုံနေရတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်မှုတွေမှာ အားနည်းတယ်လို့လည်း နိုင်ငံရေးပါတီတွေက မြင်နေကြသလို၊ ဒီလိုအားနည်းချက်တွေကြောင့် လွတ်လပ်မျှတမှုတွေကို ထိခိုက်မှာလည်း စိုးရိမ်နေကြပါတယ်။ သတင်းစာဆရာ ဦးသီဟသွေးကတာ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ တိုးတက်အောင်လုပ်စရာတွေ ရှိနေတယ်ဆိုတာကို လက်ခံပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ဘက်က ဒီလိူမျိူးတုံ့ပြန်မှုနှေးကွေးတာ နောက်ပိုင်းပြဿနာ ရှိတာအမှန်ပဲ။ အထူးသဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် မီဒီယာအခန်းကဏ္ဍကအရေးကြီးတယ်။ တကယ်အဲလိုစိတ် ကူးစိတ်သန်းရှိရင် မီဒီယာဘက်က မှတ်ကျောက်တင်မှုကို လိုအပ်တယ်လို့ ထင်တယ်။ ပုံမှန်တောင်ရှင်းလင်းပွဲ လုပ်သင့်တယ်။ အခါအားလျော်စွာ ဆက်သွယ်တာမှာလည်း လိုလိုလားလား တုံ့ပြန်ဖို့လိုတယ်။"

သမ္မတ ဦးဝင်းမြင့်ကတော့ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အများလက်ခံနိုင်အောင် ကော်မရှင်က ဆောင်ရွက်ဖို့နဲ့ အစိုးရအဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ကော်မရှင်တာဝန်ရှိသူတွေ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ မှာကြားထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG