သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English-American Style Idioms ကဏ္ဍမှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခုလိုကာလမျိုးမှာ သတင်းမီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ အသုံးပြုကြတဲ့ အသုံးအနှုန်းတချို့ဖြစ်ကြတဲ့ Hit the road, Come out swinging နဲ့ Swing voter တို့ကိုတင်ပြထားပါတယ်။

(၁) Hit the road

Hit (ထိတာ)၊ the road (လမ်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် လမ်းကိုထိတာ ဖြစ်ပါတယ်။ ခြေထောက်နဲ့ လမ်းထိတဲ့သဘောဆိုတော့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကခရီးစတင်ထွက်တာကိုဆိုလိုပါတယ်။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

As the elections are just a few weeks away, the two Presidential candidates hit the road in battleground states.

ရွေးကောက်ပွဲကသတင်းပတ်အနည်းငယ်အတွင်းမှာကျင်းပတော့မှာမို့ သမတလောင်း နှစ်ဦးအနေနဲ့ အပြတ်ချဲ ကြရမဲ့ပြည်နယ်တွေကိုသွားမဲဆွယ်နေကြပြီ။

(၂) Come out swinging

Come out (အပြင်ထွက်လာတာ)၊ swinging (လွှဲပြီး၊ ဝှေ့ယမ်းပြီး၊ထိုးဖို့ဟန်ပြင်ပြီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဝှေ့ယမ်းပြီးထွက်လာတာဖြစ်ပါတယ်။ ဒီအသုံးက လက်ဝှေ့ပွဲက ဆင်းသက်လာတာဖြစ်ပါတယ်။ ဥပမာ အမေရိကန်လက်ဝှေ့ကျော် ဟောင်းနှစ်ဦးဖြစ်တဲ့ Evander Holyfield နဲ့ Mike Tyson တို့ တချိန်က ချန်ပီယံ စိန်ခေါ်ပွဲ ထိုးသတ်ခဲ့ကြရာမှာ ပွဲစဖို့ အချက်ပေးခေါင်းလောင်းသံကြားတာနဲ့ သူတို့နှစ်ဦးလက်နှစ်ဖက်ကိုထိုးကြတော့မဲ့ဟန်တပြင်ပြင်နဲ့ ကြိုးဝိုင်းထဲဝင်ကြလာတာလက်ဝှေ့ဝါသနာအိုးတွေ မြင်ဖူးကြမှာပါ။ ဒီနေရာမှာ လက်ဝှေ့ကျော်နှစ်ဦးတို့ဟာ ဘယ်လိုဟန်ပြင်ပြီးထွက်လာကြသလဲဆိုရင် “They both came out swinging.” လို့ ဖြေရမှာပါ။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသလို ကျမတို့ မြန်မာလက်ဝှေ့မှာ ပွဲအစမှာ စိန်ပြီလားဟေ့၊ စိန်ပြီဟေ့သဘောနဲ့ လက်ခမောင်း အပြန်အလှန်ခတ်ပြီး ထွက်လာကြတဲ့သဘော ဖြစ်ပါတယ်။ Come out swinging က အခုအချိန်မှာတော့ နိုင်ငံရေးလောကထဲ ရောက်ရှိလာတဲ့ စကားစု ဖြစ်လာပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တဘက်နဲ့တဘက် အပြန်အလှန် ပုတ်ခတ်ပြောဆိုဖို့၊ တိုက်ခိုက်ပြောဆိုဖို့ အဆင်သင့် ရှိကြတဲ့ အနေအထားကို ဆိုလိုတာ ဖြစ်ပါတယ်။ အခု အမေရိကန် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီဖြစ်တဲ့အတိုင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း Donald Trump တို့ နှစ်ဦး နိုင်ငံအနှံ့ မဲဆွယ်လှုပ်ရှား နေကြသလို စကားစစ်ထိုးပွဲတွေမှာလည်း တဘက်နဲ့တဘက် အပြစ်တွေ ထောက်ပြကြ၊ ထိုးနှက်ပြောဆိုကြတာတွေကို မြင်နေကြရပြီ ဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ဦးအခြေအနေက Come out swinging အီဒီယံနဲ့ ကိုက်ညီတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

During the second Presidential debate both candidates came out swinging!

ဒုတိယအကျော့စကားစစ်ထိုးပွဲမှာသမတလောင်း ၂ဦး ကတဦးနဲ့တဦး အပြိုင်ချဲ ကြမယ်ဆိုပြီး ဟန်ပြင်ထွက်လာခဲ့ကြတယ်။

(၃) Swing voter

Swing (ရမ်းတာ၊ လွှဲတာ)၊ voter (မဲဆန္ဒရှင်) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လွှဲပြောင်းမဲဆန္ဒရှင်ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က ဘယ်သူကို ထောက်ခံမယ်လို့ အတိအကျ မပြောဘဲ၊ ဟိုဘက်ပါကောင်းနိုးနိုး၊ ဒီဘက်ပါကောင်းနိုးနိုး ဇဝေဇဝါ ဝေခွဲမရဖြစ်နေတဲ့ မဲဆန္ဒရှင်ကို ဆိုလိုတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလင်ကန် နဲ့ ဒီမိုကရက်တစ် အဓိကပါတီကြီးနှစ်ခုရှိရာမှာ ပါတီစွဲအရ မဲပေးကြသူတွေ ရှိကြပေမယ့်၊ တချို့ပြည်နယ်တွေမှာတော့ ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာကိုမဆုံးဖြတ်နိုင်သေးတာတွေရှိပါတယ်။ တနည်းတော့နိုင်မယ်လို့အပိုင်မတွက်ထားနိုင်တဲ့ပြည်နယ်တွေကိုဆိုလိုတာဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေကို Swing states လို့ ခေါ်ပါတယ်။ ၂၀၁၆ သမတ ရွေးကောက်ပွဲမှာ Swing states ၁၁ ပြည်နယ်ရှိ ရာမှာ Colorado, Florida, Iowa, Michigan, Nevada, New Hampshire, North Carolina, Ohio, Pennsylvania, Virginia နှင့် Wisconsin တို့ ဖြစ်ကြပါတယ်။ မဲပေးရာမှာ ပုဂ္ဂိုလ်ရေးရဖြစ်စေ၊ ပါတီလိုင်းရ သဘောကျလို့ဖြစ်စေ မဲပေးလေ့ရှိပါတယ်။ တချို့ကတော့ သူတို့အလေးထားတဲ့ကိစ္စ၊ သူတို့စိတ်ကို ဆွဲဆောင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးမယ်လို့ ဆုံးဖြတ်ထားပေမဲ့၊ အခြေအနေကိုစောင့်ကြည့့် တာတွေလည်း ရှိပါတယ်။ အဲဒီလိုမျိုး ပုဂ္ဂိုလ်တွေကို Swing voters လွှဲပြောင်းမဲဆန္ဒရှင်တွေရယ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရေးနယ်ပယ်မှာတော့ တဘက်ပါတီဆီ ကူးပြောင်းသွားသူကို ခြံခုန်နိုင်ငံရေးသမားရယ်လို့ ခေါ်ကြသလိုပေါ့။ Swing voters တွေကိုလည်း အဲဒီအတိုင်းပဲ ခေါ်နိုင်မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ အခုတော့ အမေရိကန်ပြည်ထောင်စုမှာ Swing voters တွေကို ရွေးကောက်ပွဲ ကျင်းပခါနီးလေ၊ ပိုပြီးအလေးထား မဲဆွယ်ကြလေ့ ရှိပါတယ်။ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

The swing voters in Virginia are still finding it hard to make up their minds.

Virgina ပြည်နယ်မှာဘယ်သူ့ကိုမဲပေးမယ်ဆိုတာမဆုံးဖြတ်ရသေးတဲ့မဲဆန္ဒရှင် တွေအနေနဲ့စိတ်ပိုင်းဖြတ်ရခက်နေတုံးဘဲ။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Hit the road, Come out swinging နဲ့ Swing voter တို့ဖြစ်ပါတယ်။

XS
SM
MD
LG