သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၉)


FILE - A museum worker shows a noose on display in a Iraqi museum in Baghdad, December 30, 2008.
FILE - A museum worker shows a noose on display in a Iraqi museum in Baghdad, December 30, 2008.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ In over your head, Tighten the noose နဲ့ Keep one’s cool တို့ကို တင်ပြထားပါတယ်။

(၁) In over your head

In (အထဲမှာ)၊ over your head (ခေါင်းပေါ်မှာဖြစ်ပြီး) စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခေါင်းအပေါ်မှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးက ၁၆၀၀ ခုနှစ်များက စသုံးခဲ့တာဖြစ်ပြီး ထိုစဉ်က ဥရောပသားတွေအနေနဲ့ ရေသိပ်မကူးတတ်တဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ဦးခေါင်း ရေမြုပ်တော့မယ်ဆိုရင် အသက်အန္တရယ်စိုးရိမ်ရတယ်ဆိုပြီးကြောက်လန့်ကြတဲ့အနေအထားမျိုးကနေဒီအသုံးဆင်းသက်လာတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကိစ္စတခုခု၊ ဒါမှမဟုတ် လူတဦးဦးနဲ့ ပတ်သက်လို့ မနိုင်မနင်းဖြစ်တာ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်း မသိတာ၊ အလုပ်ဆိုရင်လဲ ခေါင်းမဖော်နိုင်အောင် ပြဿနာတွေဝိုင်းလို့ ဘာလုပ်ရမှန်း၊ ဘာကိုင်ရမှန်း မသိတဲ့ အခြေအနေမျိုး၊ ကိစ္စတခုကြောင့် ခေါင်းခဲနေလို့ တခြားဘာကိစ္စမှ ထည့်သွင်းစဉ်းစားလို့ မရနိုင်တော့တဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်း ပြဿနာအကြီးအကျယ် တက်တော့မှာမို့ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရောက်နေတဲ့သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ သူ့ရဲ့ အရာရှိချုပ်တွေအဖြစ် အငြိမ်းစား Marine တပ် ဗိုလ်ချုပ်ကြီး John Kelly ၊ ကာကွယ်ဝန်ကြီးဌာနမှာ အငြိမ်းစား Marine တပ်ဗိုလ်ချုပ်ကြီး James Mattis ၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ဗိုလ်ချုပ်ကြီး H. R. McMaster တို့ကို ခန့်ထား တဲ့အတွက်ကြောင့် စစ်တပ်တွေကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အခုတော့ Trump ကို ဝိုင်းထိန်းဖို့ ကြိုးစားကြရာမှာ အလုပ်သိပ်ရှုပ်နေကြတယ် ၊တခြားဘာကိုမှ မလုပ်နိုင်ကြတော့ဘူးလားဆိုပြီး စစ်ရေးကျွမ်းကျင်သူတွေက ပူပန်နေကြတဲ့အတွက် The Politico သတင်းစာကြီး က Are Trump's Generals in over their heads? ဆိုပြီး ခေါင်းကြီးနဲ့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After a few weeks in his new job as a manager, John realized he was in over his head.

John က မန်နေဂျာအဖြစ် ရာထူးသစ်မှာ စလုပ်ခဲ့ပြီး သတင်းပတ်အနည်းငယ်အတွင်းမှာပဲ အလုပ်တွေ မနိုင်မနင်း ဖြစ်နေတာကိုသဘောပေါက်လာခဲ့တယ်။

(၂) Tighten the noose

Tighten (ကြပ်အောင်လုပ်တာ၊ တင်းအောင်လုပ်တာ)၊ the noose က ကြိုးကွင်းဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြိုးကွင်း ကိုတင်းအောင်လုပ်တာ ဖြစ်ပါတယ်။ လူတဦးရဲ့ လည်ပင်းမှာ စွပ်ထားခံရတဲ့ ကြိုးကွင်း တင်းလာပြီဆိုတဲ့ သဘောက အဲဒီလူအနေနဲ့ အသက်ထွက်ဖို့ နီးစပ်လာတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးအနေနဲ့ တခုခုနဲ့ ပတ်သက်လို့ အရေးယူခံရဖို့ ပိုပြီး သက်သေအထောက်အထားတွေ၊ ခိုင်လုံလာလို့ မလှုပ်သာမရှားသာ ဖြစ်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းတော့ လွတ်လမ်းသိပ်မရှိတော့တဲ့အတွက် အရေးယူခံရဖို့ နီးစပ်လာတဲ့ သဘောထားမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump ရဲ့ မဲဆွယ်လှုပ်ရှားရေးမှူးဟောင်း Paul Manafort နဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Russia ရဲ့ စွက်ဖက်မှု ရှိမရှိကို စုံစမ်းစစ်ဆေးရာမှာ ၊ FBI ဥပဒေအကြံပေးပုဂ္ဂိုလ် Robert Mueller က သက်သေအထောက်အထားတွေ ရှာဖွေရာမှာ အရေးယူနိုင်ဖို့ အခြေအနေ ပိုနီးစပ်လာပြီဆိုတာကို တွေ့ရတဲ့အတွက်ကြောင့် သတင်းစာတစောင်ရဲ့ခေါင်းကြီးမှာRobert Mueller tightens Paul Manafort's noose လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရရှိတဲ့သတင်းတွေအရတော့ Paul Manafort နဲ့ နောက်လူတဦးဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်းမှုနဲ့ စွဲချက်တင်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒီအီဒီယံအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The army tightened the noose around the rebels by cutting the supply lines.

စစ်တပ်ကသူပုန်တွေကို ဖမ်းဆီးနိုင်ဖို့ ပိုလွယ်ကူအောင်၊ သူတို့တဝိုက်ရှိ ရိက္ခာပစ္စည်းတွေ ပို့တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ခဲ့တယ်။

(၃) Keep one’s cool

Keep (ထားတာ)၊ one’s cool (လူတဦးတယောက်ရဲ့ အေးဆေးမှု၊ တည်ငြိမ်မှု) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးအနေနဲ့ အေးဆေးတည်ငြိမ်စွာ ဆက်ပြီးနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က စိတ်လှုပ်ရှားမှု သိပ်မပြတာ၊ စိတ်ထိန်းနိုင်တာ၊ ဒေါသမထွက်တာ၊ ဣန္ဒြေမပျက် ထိန်းထားနိုင်တာ၊ အေးအေးဆေးဆေး ရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က သူ့ရဲ့ အာရှခရီးစဉ်အတွင်းမှာ ပါကစ္စတန်ဟာ စစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးတယ်ဆိုပြီး ထောက်ပြခဲ့တာကို ပါကစ္စတန်အဆင့်မြင့် အရာရှိတွေက ဒေါသထွက်ခဲ့ကြပေမယ့်လို့လဲ ပါကစ္စတန်ဝန်ကြီးချုပ် Shahid Khaqan Abbasi က ဒေါသမထွက်ဘဲ အေးအေးဆေးဆေးပဲ၊ဝန်ကြီး Tillerson နဲ့ လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်ဟာ အမေရိကန်ရဲ့ အမြင်ကို သဘောပေါက်ခဲ့တယ်ဆိုပြီး အပြုသဘောဆောင်ဆောင်နဲ့ တုံ့ပြန်ခဲ့တဲ့အတွက်ကြောင့်လဲ Washington Post သတင်းစာကြီးက Pakistan's leader keeps cool amid outcry over Tillerson လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary kept her cool although she knew the decision was unfair.

Mary က ဆုံးဖြတ်ချက်ဟာ မတရားဘူးဆိုတာသိပေမယ့်လဲ စိတ်လှုပ်ရှားမှု မပြဘဲ ဣန္ဒြေဆည်နေနိုင်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက In over your head, Tighten the noose နဲ့ Keep one’s cool တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG