သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၇)


Performers throw molten iron against a wall to create sparks during a traditional performance ahead of the Dragon Boat festival in Zhangjiakou, Hebei province, China May 29, 2017.
Performers throw molten iron against a wall to create sparks during a traditional performance ahead of the Dragon Boat festival in Zhangjiakou, Hebei province, China May 29, 2017.

ဒီသတင်းပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To throw a fit, Walk a fine line နဲ့ On thin ice တို့ကို တင်ပြထားပါတယ်။

(၁) To throw a fit

To throw (ပစ်တာ၊ ပေးတာ)၊ a fit ဒီနေရာမှာ နာမ် (noun) အဖြစ် အသုံးပြုထားပြီး လူတဦးအနေနဲ့ ရောဂါရှိလို့ဖြစ်စေ၊ ဖျားနာလို့ဖြစ်စေ တက်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦး တက်တာကို ဆိုလိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုကြောင့် စိတ်မထိန်းနိုင်ဘဲ ဒေါသူပုန်ထတာ၊ စိတ်လိုက်မာန်ပါဖြစ်တာ၊ ပြဿနာ အကြီးအကျယ်တက်တာ၊ ကျမတို့ အခုခေတ် ဘန်းစကားအရဆိုရင်တော့ အကြီးအကျယ် ကွိုင်တက်တာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို အီရန်နျူကလီယား သဘောတူညီမှုကနေထွက်ဖို့ သမ္မတ Donald Trump က လိုလားပေမယ့် သူ့အစိုးရအတွင်းမှာ ဒါကို သဘောမတူတဲ့လူတွေ ရှိနေတဲ့အတွက် ကန့်ကွက်ပြောဆိုမှုတွေရှိခဲ့ရာမှာ၊ သမ္မတ Trump က ဒေါသအိုးပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် သတင်းမီဒီယာတွေက Trump throws a fit over Iran လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John will throw a fit when he hears you crashed his car.

John ရဲ့ကားကို ခင်ဗျား ဝင်တိုက်လိုက်တယ်ဆိုတာကို သူသာသိရင်ဒေါသူပုန်ထလိမ့်မယ်။

(၂) Walk a fine line

Walk (လမ်းလျှောက်တာ)၊ a fine line (ပါးလွှာတဲ့မျဉ်းကြောင်း၊ သေးသွယ်ကျဉ်းမြောင်းတဲ့မျဉ်းကြောင်း) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပါးလွှာတဲ့မျဉ်းကြောင်းပေါ်မှာ လမ်းလျှောက်တာ ဖြစ်ပါတယ်။ သေးသွယ်တဲ့၊ ကျဉ်းမြောင်းတဲ့၊ ပါးလွှာတဲ့မျဉ်းကြောင်းပေါ်မှာ လမ်းလျှောက်ရတယ်ဆိုတဲ့သဘောက မျဉ်းကြောင်းရဲ့ အပြင်ဘက်ကို ထွက်မသွားရအောင် သိပ်ကိုသတိထားလျှောက်ရမှာဖြစ်တဲ့အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုကို သတိထားဆောင်ရွက်လုပ်ကိုင်နေရတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ သူတပါး စိတ်ဆိုးမှာ၊ ဒေါသထွက်မှာ၊ မကျေမနပ်ဖြစ်မှာ စတာတွေကို စိုးရိမ်ရတဲ့အတွက်ကြောင့် သိပ်ကိုသတိထားနေရတာ၊ တနည်းဘောင်မကျော်မိစေဖို့၊ စည်းမဖောက်မိစေဖို့ သတိထားနေရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump ရဲ့ ပြောဆိုမှုတွေကြောင့် Republican လွှတ်တော်အမတ်တွေအနေနဲ့ အမှားမခံနိုင်ဘဲ၊ သတိထားနေရတယ်ဆိုပြီး Washington Post သတင်းစာကြီးကထောက်ပြရာမှာ Walking a fine line ကို တင်စားသုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအီဒီယံအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Myanmar government has to walk a fine line when dealing with the Rakhine issue.

ရခိုင်အရေးနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ မြန်မာအစိုးရအနေနဲ့ သိပ်ကို သတိထားနေရတယ်၊ အမှားမခံနိုင်ဘူး။

(၃) On thin ice

On (အပေါ်မှာ)၊ thin (ပါးလွှာတာ)၊ ice (ရေခဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာ ရောက်နေတာ ဖြစ်ပါတယ်။ ပါးနေတဲ့ရေခဲပြင်ပေါ်မှာရောက်နေတဲ့လူတဦးအနေနဲ့သူ့ခန္ဓာကိုယ် အလေးချိန်ကို အဲဒီရေခဲပြင်ကမခံနိုင်ရင် ရေခဲပြင်အက်ပြီး ကွဲမှာဖြစ်တဲ့အတွက်အဲဒီလူလည်း အေးခဲနေတဲ့ ရေထဲကို ပြုတ်ကျပြီး အသက်အန္တရာယ်ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က စိုးရိမ်ရတဲ့ အနေအထားမျိုး ၊ ဘေးအန္တရာယ်ရှိနေတဲ့အနေအထားမျိုးမှာ သတိထား လုပ်ကိုင်နေရတာ၊ အချိန်မရွေး ဒုက္ခလှလှကြီး တွေ့နိုင်တဲ့ အနေအထားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ဆက်ဆံရေး မပြေမလည်ဖြစ်ပြီး ဝန်ကြီးTillerson ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ရာက သူနဲ့ သမ္မတကြား အဆင်ပြေပါတယ်ဆိုတဲ့ ဖြေရှင်းချက်တွေ ပြုလုပ်ခဲ့ပေမယ့်လဲ ဝန်ကြီး Tillerson အနေနဲ့ သမ္မတ Trump နဲ့ ပတ်သက်လို့ သတိထားနေရတယ်ဆိုပြီး အိမ်ဖြူတော်သတင်းရပ်ကွက်ကိုကိုးကားပြီး CNN ကTillerson remains on thin ice in Trump White House, sources say လို့ သတင်းခေါင်းကြီးမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you drive while you are drunk, you’re skating on thin ice.

အရက်မူးတုန်း ကားမောင်းမယ်ဆိုရင်ခင်ဗျားအန္တရာယ်ရင်ဆိုင်ရဖို့ကများတယ်။ အထူးသတိထားဖို့ လိုတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက To throw a fit, Walk a fine line နဲ့ On thin ice တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG