(Zawgyi/Unicode)
အီးယူဥရောပသမဂ္ဂ နိုင်ငံတွေအတွက် နိုင်ငံတကာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာနေကြချိန်မှာပဲ ခရီးသွားဖို့ လိုအပ်ချက်တခု အနေနဲ့ ကာကွယ်ဆေးထိုးမှုဆိုင်ရာ နိုင်ငံကူးလက်မှတ် ထားသင့်မသင့် အီးယူအစိုးရတွေကြား သဘောထား ကွဲလွဲနေကြပါတယ်။
ဥရောပတောင်ပိုင်းဒေသမှာ ရှိတဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေဟာ ခရီးသွားလုပ်ငန်းပေါ် မှီခိုနေကြတာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတွက် ဘယ်လို မူချဆောင်ရွက်မယ် ဆိုတာကို ဥရောပကော်မရှင်က စတင်ပြင်ဆင်ဖို့ အီးယူနိုင်ငံခေါင်း ဆောင်တွေကို ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis ဦးဆောင်တဲ့ အဖွဲ့က တိုက်တွန်းနေတာပါ။ အဖွဲ့ဝင် နိုင်ငံအားလုံး လက်ခံမယ့် ပုံစံရအောင် ဘယ်လိုလုပ်မယ်ဆိုတာကို ဥရောပ ကော်မရှင်က ပုံဖေါ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲတိုက်တွန်းခဲ့တာပါ။
ဥရောပ လေကြောင်းလိုင်းတွေ၊ ဟော်တယ်တွေနဲ့ ခရီးသွားအေဂျင်စီတွေကလည်း ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရှိတာဟာ ခရီးသွားလုပ်ငန်းအမြန်ပြန်လုပ်ဖို့ အထောက်အကူရစေမယ်လို့ တိုက်တွန်းပြောကြားနေကြပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့ WTO ကလည်း ဒစ်ဂျစ်တယ် ကာကွယ်ဆေး ပတ်စ်ပို့တွေ လုပ်ကြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အီးယူ ရဲ့ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိကလွတ်လပ်ခွင့် အတွက် လှုပ်ရှားသူတွေ က ဒါဟာ အန္တရယ်ရှိကြောင်း သတိပေးနေသလို ကူးစက်ရောဂါ ပညာရှင်တွေကလည်း ခရီးသွားလာသူတွေ အနေနဲ့ ရောဂါပိုးကင်းကြောင်း လက်မှတ်ရှိသည့်တိုင် အကူးစက်ခံရနိုင်သလို သူများကိုလည်းကူးစက်စေနိုင်တယ်လို့ ထောက်ပြနေကြတာပါ။
...........
(Unicode)