သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွ အဖွဲ့ဝင်ဟောင်း လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂျာမနီမှာ ထောင်ဒဏ်တသက်ကျ


အီရတ် တရားခံ Taha al-Jumailly က မျက်နှာကို မမြင်အောင် ကာထားပြီး တရားခွင်ကို သွားရောက်။
အီရတ် တရားခံ Taha al-Jumailly က မျက်နှာကို မမြင်အောင် ကာထားပြီး တရားခွင်ကို သွားရောက်။

(Zawgyi / Unicode)

အသက် ၅ နှစ် အရွယ် Yazidi မိန်းကလေး တဦးကို ၂၀၁၅ ခုနှစ်က သတ်ဖြတ်ခဲ့မှုနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ဝင်ဟောင်း တဦးကို ဂျာမနီ တရားရုံး တခုက အင်္ဂါနေ့မှာ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အီရတ် နိုင်ငံသား Taha al-Jumailly ကို လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ် တသက် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒါ့အပြင် အသတ်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်ကို ဒေါ်လာ ၅၇,၀၀၀ ပေးဖို့လည်း အမိန့်ချမှတ်လိုက်ပါတယ်။ မိခင်ဖြစ်သူကတော့ အဖမ်းခံရပြီးနောက် အသက်ရှင် လွတ်မြောက်လာတာပါ။

အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ဝင် တဦးကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပထမဆုံး စီရင်ချက် ချတဲ့ အမှုလည်း ဖြစ်ပါတယ်။ ဒါဟာ Yazidi တွေ စောင့်မျှော်နေတဲ့ အခွင့်အခါ ဖြစ်ပါတယ်လို့လည်း အသတ်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိခင် အတွက် အကျိုးဆောင်လုပ်ခဲ့တဲ့ ရှေ့နေ Amal Clooney က ပြောပါတယ်။

al-Jumailly ဟာ သားအမိ ၂ ယောက်ကို ၂၀၁၅ ခုနှစ်က ဆီးရီးယားမှာ ကျွန်အဖြစ် ဝယ်ယူခဲ့ပြီး နောက်ပိုင်း အီရတ်နိုင်ငံ ဖာလူဂျာကို ခေါ်သွားခဲ့ပြီး အစား၀ အောင် မကျွေးသလို ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့လည်း တရားလိုရှေ့နေတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ် အတွင်းမှာဘဲ al-Jumailly က အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်ထိ ပူနေတဲ့ အခန်းတွင်းမှာ မိန်းကလေးကို ပြူတင်းပေါက်မှာ ကြိုးတုပ်ထားခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးငယ်ကတော့ သေဆုံးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အတွင်း al-Jumailly ကို ဂရိနိုင်ငံမှာ ဖမ်းဆီးရမိတာ ဖြစ်ပြီး ဂျာမနီကို လွှဲပြောင်းပေးခဲ့တာပါ။ al-Jumailly ရဲ့ ဇနီးသည် ဂျာမနီ နိုင်ငံသူကိုတော့ အမှုမှာ ပါဝင် ပတ်သက်မှုနဲ့ ပြီးခဲ့တဲ့ လအတွင်းမှာဘဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)








XS
SM
MD
LG