သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်ဝင်ခွင့် အောင်စာရင်း အကျဉ်းသားများ ဂုဏ်ထူးရမှု စံချိန်တင်


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းကျ ကျောင်းသားအချို့။ (ဓာတ်ပုံ - Myanmar Prisons Department)
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းကျ ကျောင်းသားအချို့။ (ဓာတ်ပုံ - Myanmar Prisons Department)

(Zawgyi / Unicode)

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်စာရင်းထွက်ချိန် အကျဉ်းထောင်တွေကနေ ဖြေဆိုအောင်မြင်သူ တော်တော်များများ ရှိခဲ့သလို ဂုဏ်ထူးထွက်သူတွေလည်း စံချိန်တင် များပြားခဲ့ပါတယ်။ ဒီလိုမျိုး အထိန်းသိမ်းခံထားရတဲ့ ပညာထူးချွန်တဲ့ လူငယ်လေးတွေရဲ့ အနာဂတ် ပညာဆက်လက်သင်ကြားရေး အပါအဝင် လူမှုဘဝ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ပေးသင့်ပါသလဲဆိုတာ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာနိုင်ငံတဝန်းလုံးက ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆယ်တန်းဖြေဆို အောင်မြင်သူတွေရဲ့ စာရင်းကို ထုတ်ပြန်လိုက်တာပါ။ ဒီနှစ်အောင်စာရင်းကတော့ နိုင်ငံခြားစာစစ်ဌာနတွေနဲ့ အကျဉ်းထောင် အကျဉ်းစခန်းက ဖြေဆိုအောင်မြင်သူတွေ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်သူက ၂၉၁,၇၉၈ ယောက်ဖြစ်ပြီး အဲဒီထဲက ဂုဏ်ထူးနဲ့အောင်မြင်သူ ၆၁,၃၇၅ ယောက်နဲ့ အောင်ချက်ကတော့ ၃၂.၀၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းကျ ကျောင်းသားအချို့။ (ဓာတ်ပုံ - Myanmar Prisons Department)
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းကျ ကျောင်းသားအချို့။ (ဓာတ်ပုံ - Myanmar Prisons Department)

ဒီနှစ်မှာ တနိုင်ငံလုံးက အကျဉ်းထောင် ၁၁ ထောင်ကနေ ဖြေဆိုသူ ၁၇၈ ဦးအနက် ကျောင်းသား ၁၀၀၊ ကျောင်းသူ ၈ ဦး၊ ပေါင်း ၁၀၈ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်သူတွေထဲ ဂုဏ်ထူး ၄ ဘာသာ၊ ၃ ဘာသာကစလို့ ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တဲ့သူ ၇၈ ဦးအထိ ပေါ်ထွက်လာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းကတော့ ၆၀.၆၇ ရာခိုင်နှုန်းနဲ့ စံချိန်တင်ခဲ့ပါတယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုလို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကြားက ပညာထူးချွန်တဲ့ အကျဉ်းကျ အထိန်းသိမ်းခံနေရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝအနာဂတ် လူမှုဘဝတွေ ပြန်လည်ထူထောင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆရာ ဆရာမတွေ ကျောင်းသားမိဘတွေကစလို့ လူမှုပတ်ဝန်းကျင်က ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်လို့ အထက်မြန်မာပြည် တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးသုတက အကြံပေးပါတယ်။

“အရွယ်မတိုင်ခင်မှာ အကြောင်းအမျိုးမျိုးကြောင့် ရှိပါတယ်၊ ပတ်ဝန်းကျင်ကြောင့် မိသားစု အခြေအနေကြောင့် အခက်အခဲတွေကြောင့် ပြစ်မှုကျူးလွန်ခဲ့ကြတယ်ပေါ့။ ဒီအချိန်မှာ သူတို့ နောင်တရတယ်၊ စာကြိုးစားတယ်။ စာကြိုးစားတာတောင် ဂုဏ်ထူးရတဲ့အထိ ကြိုးစားခဲ့ကြတယ်။ ပြီးတော့ ဒီလိုမျိုး ထောင်ထဲမှာ စာမေးပွဲဖြေရတယ်ဆိုတာ အပြင်မှာလို လွတ်လပ်မှု ရွေးချယ်မှုမရှိဘူး။ သူတို့ဘာသာသူတို့ ကြိုးစားကြရတာ။ တခြားကလေးတွေနဲ့ မတူဘူး၊ သူတို့ဘဝက အင်မတန်ကို ခဲရာခဲဆစ်ဖြစ်တယ်။

“ဒီအောင်မြင်မှုကို ကျနော်တို့ အသိအမှတ်ပြုတယ်၊ ကြိုဆိုတယ်။ ဆိုတော့ အဓိက ကျနော်တို့ ကလေးတွေကို လူ့အသိုင်းအဝိုင်းထဲ ပြန်ထည့်တဲ့အခါမှာ တယောက်နဲ့တယောက် ပစ်ပယ်လို့မရဘူး။ အကုန်လုံးက ဒီကလေးတွေအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အနာဂတ်မှာ ဒီကလေးတွေအတွက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဆရာ ဆရာမတွေက ဝိုင်းဝန်းပြီးတော့ ပြုပြင်သွားရင် အင်မတန်ကောင်းတဲ့ အစီအစဉ်ပေါ့နော်။”

အကျဉ်းထောင် အကျဉ်းစခန်းတွေကနေ ဖြေဆိုအောင်မြင်သူ များလာတဲ့အပေါ် ကြိုဆိုပေမယ့် အကျဉ်းထောင်စည်းမျဉ်း လူမှုဘဝ ပြန်လည်ထူထောင်ရေး ပညာရေးဆိုင်ရာ ဥပဒေ မူဝါဒတွေကို ပြုပြင်ပြောင်းလဲသင့်တယ်လို့ အကျဉ်းသားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က အကြံပြုပါတယ်။

“အကျဉ်းထောင်တွေကနေ စာမေးပွဲဝင်ဖြေတဲ့ ကျောင်းသားတွေ အောင်ချက်ကောင်းတာ တွေ့တယ်။ နောက် တချို့ လူငယ်အကျဉ်းသားလေးတွေဟာ ထောင်ထဲကို မရောက်သင့်ဘဲ ရောက်နေကြတဲ့ အကျဉ်းသားတွေလည်း ရှိတယ်။ ဒါတွေကို အကျဉ်းထောင်တခုတည်းကိုပဲ ပြုပြင်ပြောင်းလဲရေး လုပ်ရမှာ မဟုတ်ဘဲနဲ့ တရားရေးကို ပြုပြင်ပြောင်းလဲရမယ်။ နောက် ရဲကို ပြုပြင်ပြောင်းလဲရမယ်။ အဲ့ဒီလို ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မှ ရည်ရွယ်ချက် ပေါက်မြောက်မှာပါ။

“အခုဟာက တဖက်မှာလည်း ကောင်းတာလေးတွေ တွေ့ရသလို တဖက်မှာလည်း ဆိုးတာတွေက ဒီ့ထက်ပို ဆိုးဆိုးဝါးဝါး များလာတာတွေရှိတယ်။ တချို့လူငယ်တွေ အထိန်းသိမ်းခံရချိန် ရိုက်သတ်ခံရတာမျိုးတွေလည်း ကျနော်တို့ ကြားနေရတယ်။ ဆိုတော့ စည်းကမ်းလိုက်နာမှုတွေမှာ အကျဉ်းထောင် အာဏာပိုင်တွေဘက်က ပိုပြီး လေးစားလိုက်နာဖို့ လိုလာတယ်။ ဒီလို ဘက်ပေါင်းစုံက ချဉ်းကပ်လုပ်ဆောင်မှ အကျဉ်းထောင်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြန်လည်ပြုပြင်ပျိုးထောင်ရေး ဆိုတာက အားကောင်းမောင်းသန် ဖြစ်လာမှာပါ။ အခုဟာက ကွက်ကျားမိုး ရွာသလိုပဲ ဖြစ်နေပါသေးတယ်။”

ဒါ့အပြင် အခုလို ပညာထူးချွန်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းထောင် အကျဉ်းဦးစီး တာဝန်ရှိသူတွေက ပြစ်ဒဏ်လျှော့ပေါ့တာမျိုး လူမှုဘဝ ပြန်လည်ထူထောင်ရေး သက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေးတာမျိုး အပါအဝင် တက္ကသိုလ်ဝင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာမျိုးတွေ လုပ်သင့်တယ်လို့လည်း အထက်မြန်မာပြည် တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ ဆရာဦးသုတက ပြောပါတယ်။

“ပြစ်ဒဏ်လျှော့ပေါ့တာတို့ ဘာတို့ပေါ့နော်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆောင်ရွက်ပေးသင့်တယ်လို့ မြင်တယ်။ ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ဒါက အရေးကြီးဆုံးပါ။ အောင်ပြီးလို့ တက္ကသိုလ်လမ်းညွှန်မှာ ထောင်ကျဖူးသူ မဖြစ်ရဆိုတဲ့ အခက်အခဲရှိတယ်။ မဆလလက်ထက်က တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ကို ရေးခဲ့တာရှိတယ်။ အဲ့ဒါကိုတော့ ပညာရေးဝန်ကြီးဌာနက ဖျက်ပေးရမယ်။ အဲ့လိုဖျက်ပေးမှ အနာဂတ် မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေထဲမှာရှိတဲ့ ကျောင်းသားတွေ စာသွားသင်လို့ရမှာ။ တချို့ စည်းမျဉ်းစည်းကမ်းတွေက ခေတ်နဲ့ မလျော်ညီတော့ဘူး။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွေကို ပြင်သင့်တယ်။ တချို့ အဝေးသင်၊ တချို့ နေ့သင်တန်းတက်လို့ရအောင် ဘယ်လိုစီစဉ်ပေးနိုင်မလဲပေါ့။ တခုခုတော့ ကျနော်တို့ ဌာနဆိုင်ရာ အဖွဲ့အစည်း အကုန်လုံးက စီစဉ်ပေးဖို့ လိုပါတယ်။”

ဒါ့အပြင် အကျဉ်းထောင်တွေထဲ အကျဉ်းစခန်းနဲ့ အကျဉ်းသားဦးရေ မညီမမျှဖြစ်နေတာ၊ အထူးသဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါလို ကူးစက်မြန် ရောဂါတွေ ဖြစ်နေချိန် အကျဉ်းထောင်တွေထဲ စည်းကမ်းလိုက်နာသူ ထူးချွန်သူတွေကို ပြစ်ဒဏ်လျှော့ပေါ့တာလိုမျိုး ဆောင်ရွက်ပေးသင့်ပြီး အကျဉ်းထောင်စနစ်တွေကိုလည်း နည်းဥပဒေတွေနဲ့အညီ အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ဦးဘိုကြည်က အကြံပြုပါတယ်။

“အကျဉ်းထောင်လူဦးရေကို ကျနော်တို့ တင်ပြပေးနေခဲ့တာက သုံးပုံတပုံလောက်ကို လျှော့ချပေးသင့်တယ်။ အကျဉ်းထောင်တွေထဲ မရောက်သင့်ဘဲ ရောက်နေကြရတဲ့သူတွေ ရှိနေတယ်။ ဆိုတော့ အမှုတွေကို သေချာ ပြန်လည်စိစစ်ပြီးတော့ လူဦးရေကို သုံးပုံတပုံလောက်ကို လျှော့ချသင့်တယ်။ အဲ့ဒါဆိုရင် အကျဉ်းထောင်ရဲ့ ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို သေချာ ကိုင်တွယ်နိုင်လာမယ်။ နောက် ထောင်ကထွက်သွားပြီးသူတိုင်း ရာဇဝတ်မှုတွေ ထပ်မံမကျူးလွန်အောင် ပညာပေးမှုတွေကို သေချာ ဆောင်ရွက်ပေးရမယ်။

“ဒါကြောင့် ကျနော်တို့က စနစ်ကို ပြောင်းဖို့လိုတယ်၊ နောက် ဥပဒေတွေကို ပြောင်းဖို့လိုတယ်။ နည်းဥပဒေတွေ အမိန့်တွေ ညွှန်ကြားချက်တွေ အဲ့ဒါတွေကို သေချာ ပြန်လည်စိစစ်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို ကျနော်တို့ အသေအချာလုပ်ဖို့ လိုပါတယ်။ နောက်တခုက အကျဉ်းထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအရ အင်မတန်ကို အရေးကြီးတဲ့ ဌာနတခု ဖြစ်တဲ့အတွက် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်မှာကို ထားပြီး ဆွေးနွေးရမယ်။ ပြောင်းလဲဖို့ လုပ်ရမှာတွေ ရှိပါတယ်။”

အကျဉ်းထောင် အကျဉ်းဦးစီးဌာနတွေမှာ ပြစ်မှုပြစ်ဒဏ်အမျိုးမျိုးနဲ့ ထောင်ချခံထားရတဲ့ လူငယ်တွေအနက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အကျဉ်းကျသူတွေထဲက ဖြေဆိုသူပေါင်း ၁၀၄ ဦးမှာ ၄၇ ဦး အောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၉ က အကျဉ်းကျသူတွေထဲက ဖြေဆိုသူ ၁၇၁ ဦးမှာ ၉၄ ဦး၊ ဒီနှစ် ၂၀၂၀ ပြည့်နှစ်မှာတော့ ၁၇၈ ဦးမှာ ၁၀၈ ဦးအထိ ၄ ဘာသာဂုဏ်ထူးရှင်ပါ ပါဝင်ပြီး ဂုဏ်ထူးရသူ အများဆုံးနှစ်တနှစ် အနေနဲ့ အောင်ချက်ကောင်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးက ထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်၊ မန္တလေးထောင်၊ တောင်ငူထောင်၊ ကသာထောင်၊ လွိုင်ကော်ထောင်၊ ညောင်ရွှေထောင်၊ ကျိုင်းတုံထောင်၊ ကျောက်ဖြူထောင်၊ ဘားအံထောင်၊ သရက်ထောင်၊ မအူပင်ထောင် ထောင်ပေါင်း ၁၁ ထောင်ကနေ ဒီနှစ် ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)


















XS
SM
MD
LG