သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်လုပ်ငန်းရှင်တွေ စစ်ဆေးခံရပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ဖို့ ပိုခက်ခဲ


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့မှာ ပိုက်ဆံထုတ်ရန်အတွက် ဘဏ်ဖွင့်ချိန်ကို စောင့်ဆိုင်းနေကြသူများ (ဧပြီ ၁၂၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့မှာ ပိုက်ဆံထုတ်ရန်အတွက် ဘဏ်ဖွင့်ချိန်ကို စောင့်ဆိုင်းနေကြသူများ (ဧပြီ ၁၂၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးတာတွေ ရှိခဲ့ပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ အများကြီး ပိုခက်လာတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။ ကိုယ်လိုချင်တဲ့ ငွေပမာဏကို ထုတ်ယူလို့ မရတော့သလို၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငွေထုတ်ချင်သူတွေဆီကနေ ဝန်ဆောင်ခ အဆမတန် တောင်းပြီး လုပ်စားသူတွေလည်း ရှိလာတယ်လို့ ပြောပြကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ပြည်တွင်းမှာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးတာတွေ ရှိခဲ့ပြီးနောက်ပိုင်း၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေ ရှိလာပါတယ်။ ငွေအပ်နှံထားသူတွေ ထုတ်ယူလိုတဲ့ပမာဏကို ဘဏ်တွေက အခုရက်ပိုင်းမှာ ထုတ်မပေးတော့ဘူးလို့ ရန်ကုန်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သိန်း၅၀ ထုတ်ချင်တာကို KBZ က ၁၀သိန်းပဲ ထုတ်ပေးလိုက်တယ်။ ငွေလက်ကျန်နည်းနေလို့ ဆိုပြီးတော့လေ။ CB ဘဏ်ကကျတော့ သိန်း၃၀ ရခဲ့တယ်။ ကုမ္ပဏီအကောင့်ထဲက သိန်း၅၀ ထုတ်ချင်တာ။ ဒါပေမဲ့ CBက သိန်း၂၀ပဲ ရတယ်လို့ ပြောတာပေါ့။ အစ်မရယ် ကူညီပေးပါဆိုတော့ သူက ၃၀တော့ ထုတ်ပေးလိုက်တယ်။ မနက်ပိုင်းအထိကတော့ သူတို့ သိန်း၅၀အထိ ထုတ်ပေးနေတယ်တဲ့။ ဒါပေမဲ့ ၂ နာရီနောက်ပိုင်းလောက်မှာ သူတို့လက်ကျန်နည်းသွားလို့ တယောက်ကို ၃၀ နှုန်းစီပဲ ရတော့မှာလို့ပြောတယ်။ ပမာဏ သတ်မှတ်ထားတာတော့ မရှိဘူးလို့ထင်တယ်။ ငွေလက်ကျန်ပေါ် မူတည်ပြီးတော့ ပြောင်းသွားတာထင်တယ်။ AYA ကကျတော့ ထုတ်တဲ့အချိန်တုန်းက သိန်း၂၀ ထုတ်တယ်။ နောက်လူတွေကျတော့ ၁၅သိန်းဆိုပြီး ပြောင်းသတ်မှတ်လိုက်တာ။"

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ Aya ဘဏ်ခွဲမှာ ပိုက်ဆံထုတ်ရန်အတွက် တန်းစီနေကြသူများ (ဧပြီ ၁၂၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ Aya ဘဏ်ခွဲမှာ ပိုက်ဆံထုတ်ရန်အတွက် တန်းစီနေကြသူများ (ဧပြီ ၁၂၊ ၂၀၂၁)

ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူတဲ့ပမာဏကို ကန့်သတ်မထားဘူးလို့ ဗဟိုဘဏ်ကပြောပေမယ့် လက်တွေ့မှာတော့ ဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရဖြစ်နေတာပါ။ ဘဏ်တွေဘက်ကတော့ ငွေထုတ်ယူသူများလာလို့ ပမာဏချိန်ညှိပြီး ဆောင်ရွက်နေရတယ်လို့ အကြောင်းပြချက်ပေးထားကြောင်း ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

ဘဏ်တွေရဲ့ ATM စက်တော်တော်များများမှာလည်း ငွေထုတ်ယူလို့မရဘဲ တချို့စက်တွေမှာ Error ဖြစ်လို့ ပိတ်ထားတယ်ဆိုတဲ့ စာသားတွေကို ကပ်ထားတာတွေ့ရပါတယ်။ ဒီလိုအချိန်မှာ ဘဏ်သွားစရာမလိုဘဲ ငွေထုတ်ယူနိုင်တဲ့ စနစ်တွေမှာလည်း ဝန်ဆောင်ခကို အဆမတန်ယူပြီး လဲလှယ်ပေးနေတာတွေ ရှိတယ်လို့ K pay ထုတ်ခဲ့သူတဦးက အခုလို ပြောပါတယ်။

"ဒီမနက် K pay ၁သိန်းခွဲထုတ်တာ အစ်မကလည်း မနက်စောစောဆိုတော့ တခြားဆိုင်တွေမှာ မစုံစမ်းမိဘူးပေါ့။ ၁သိန်းခွဲကို ထုတ်ခ ၁သောင်းခွဲ ယူသွားတယ်။ အစ်မ သမီးသွားထုတ်တာဆိုတော့ ၁သိန်းခွဲကို ၁သောင်းခွဲ ယူလိုက်တယ်။ အဲဒါကို အစ်မသိလည်းသိရော တခြားမှာ ၂ဆိုင်၊ ၃ဆိုင် လိုက်မေးကြည့်တော့ ၂ထောင်၊ ၃ထောင်နဲ့ ရတယ်ဆိုတော့ ၁သောင်းခွဲ ယူတဲ့ဆိုင်ကို သွားပြောတာ။ အစ်မနဲ့တောင် ပြဿနာတက်သေးတယ်။ မနေ့ကဆိုရင် အစ်မတို့ စျေးဝယ်ထွက်တာ K pay နဲ့ ရှင်းလို့ရတဲ့ ဆိုင်တွေမှာပဲ ဝင်ဝယ်လိုက်တော့တယ်။"

တရားဝင်လိုင်စင် ထုတ်ပေးတဲ့ အေးဂျင့် ရုံးတော်တော်များများဟာ ဆိုရင် အခုချိန်မှာ ပိတ်ထားတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငွေလိုသလောက် ထုတ်ယူနိုင်တယ်ဆိုပြီး ဘဏ်တွေကနေ Special Account ငွေစုစာရင်းတွေကို ဖွင့်ခိုင်းခဲ့ပေမယ့် အဲဒီအကောင့်တွေလည်း အခုအချိန်မှာ ဘဏ်တွေကပေးတဲ့ ပမာဏအတိုင်းသာ ထုတ်ယူနိုင်ပြီး လိုချင်သလောက် ပမာဏထုတ်မပေးနိုင်ဘူးလို့ ကိုယ်တိုင်ကြုံတွေရသူတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG