ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်တဲ့အချိန်မှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့သလို နောက်ပိုင်းစိုက်တဲ့ လယ်တွေမှာလည်း ဓာတ်မြေဩဇာကို လိုသလောက် မသုံးနိုင်တာ၊ ပိုးမွှားကျတာတွေကြောင့် အထွက်နှုန်းလျော့ပြီး လယ်သမားအများစု အရှုံးပေါ်ကြပါတယ်။ စပါးစျေးကလည်း ထိုးကျနေတယ်လို့ လယ်သမားတွေက VOA ကိုပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စပါးအထွက်နှုန်းလျော့ပြီး စျေးလည်းကျနေတဲ့အတွက် ဒီနှစ်က အဆုံးအရှုံးများတဲ့နှစ် ဖြစ်တယ်လို့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လယ်သမားတွေက VOA ကိုပြောပါတယ်။ မြေဩဇာနဲ့ ပိုးသတ်ဆေးကို ဝယ်မသုံးနိုင်လို့ မကြာခင်ထွက်မယ့် ရက် ၉၀ စပါးကလည်း ဖြုတ်ပိုးကျပြီး အထွက်နှုန်းကျနေပါတယ်။ အထွက်လျော့ပေမဲ့ ဆန်ကုန်သည်အသင်းတွေဟာ မနှစ်က စပါးတင်း ၁၀၀ ကို ၁၈ သိန်းလောက်နဲ့ စပြီးဝယ်ခဲ့ပေမဲ့ အခုနှစ်မှာ ၁၄သိန်းလောက်နဲ့ နှိမ်ပြီး ဝယ်ယူနေတာကြောင့် လယ်သမားတွေ ပိုပြီး ကျပ်တည်းလာကြောင်း ပဲခူးတိုင်းက လယ်သမားတဦးက ပြောပါတယ်။
"တဧကရဲ့ စုစုပေါင်း ကုန်ကျစရိတ်ဆို အခု ဆောင်းစပါးတင် ရိတ်သိမ်းပြီးချိန်လောက်အထိကို ၁၀ (သိန်း) ကို ကျော်တယ်။ တချို့ လယ်သမားတွေကြတော့ မလိုက်နိုင်တော့ဘူးလေ၊ ဓာတ်မြေဩဇာ စျေးတွေက ကြီး၊ ဆေးဝါးတွေက ကြီး၊ အဲလိုမျိုး။ အဲကြားထဲ ဖျက်ပိုးတွေပါ ကျတဲ့အခါကြတော့ ဆေးကပြန်လိုက်ရ။ အဲဒီတော့ အထွက်နှုန်းတွေက လျော့။ ပြီးရင် ဆေးတွေက မကောင်းတဲ့အခါကြတော့ ပြီးရော။ စပါးစျေး တက်တယ်၊ ကျတယ်ဆိုတာကလည်း ဆန်လုပ်ငန်းရှင်တွေ၊ ဆန်စပါးကုန်သည်တွေပေါ့ သူတို့နဲ့ တိုက်ရိုက်ပတ်သက်မယ်လို့ ကျနော်ထင်တာပဲ၊ ဆန်တအိတ်ကို ၆ သောင်းဆိုလည်း ၆ သောင်း၊ ၇ သောင်းဆိုလည်း ၇ သောင်း သူတို့ဖြတ်နေတဲ့စျေးက။ တကယ့်တကယ် စားသုံးသူတွေလက်ထဲကို ရောက်တဲ့အခါကြ ဆန်တအိတ်က အသစ်တွေတောင်မှ ၉ သောင်းကျော်လောက် ဖြစ်နေပြီ။"
တဧက တင်း ၅၀ ထွက်တဲ့ ပေါ်ဆန်းနဲ့ တောင်ပျံလို ဆန်ချောက တင်း ၅၀ အောက်ကို ကျလာပါတယ်။ ပြည်ပစျေးကွက်ရှိတဲ့ တဧက တင်း ၁၀၀ ထွက်တဲ့ ဆန်ကြမ်းကတော့ တင်း ၆၀ လောက်အထိ ကျဆင်းသွားတာပါ။ ဆန်ချောစျေးတွေ အရင်နှစ်ကထက် ထပ်ပြီးကျသွားလို့ အရှုံးပေါ်နေကြောင်း ဧရာဝတီတိုင်းက လယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။
"လယ်သမားကတော့ ဒီနှစ်က ဘယ်လိုမှ အဆင်မပြေဘူး၊ အရှုံးပေါ်တယ်ပေါ့ ဒီနှစ်ကတော့။ အခုပေါက်စျေးက (တင်း ၁၀၀ ကို) ၂၈ သိန်းပဲ ပေါက်တာကိုး။ နည်းနည်းညံ့တဲ့ဟာဆို အဲထက်လျော့သေး။ ဒီဘက်က အချောလိုင်းပေါ့။ မနှစ်က ဒီအချိန်ဆိုရင် ၄၀ လောက်ပေါက်တာကိုး။ ဒီနှစ်က ရာသီဥတုနဲ့ ပိုးကဖျက်တော့ လယ်သမားအများစု အထွက်လျော့တယ်ပေါ့။ စျေးက မကောင်းတဲ့အခါကြတော့ ဒီနှစ်က လယ်သမားက အရှုံးပြတယ်။"
၂၀၂၄ ဇူလိုင်ကနေ စက်တင်ဘာလအတွင်းမှာ မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် တနိုင်ငံလုံးနီးပါး ရေကြီး၊ ရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။ ပဲခူးတိုင်း မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် စတဲ့ စိုက်ပျိုးရေး အဓိကလုပ်တဲ့ နေရာတွေမှာ လယ်မြေဧက သောင်းချီပျက်စီးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ပြန်စိုက်တဲ့ လယ်တွေမှာလည်း ပိုးမွှားကျရောက်လို့ အထွက်နှုန်း အတော်လေး ထိခိုက်ခဲ့ကြောင်း ပြောပါတယ်။
ရခိုင်မှာတော့ စစ်ပွဲတွေကြောင့် စိုက်စရိတ်နဲ့ လုပ်သားငှားရမ်းခတွေ အဆမတန် စျေးကြီးနေသလို အခုလို အထွက်နှုန်းကျတဲ့နှစ်မှာ ရခိုင်က လယ်သမားတွေလည်း အများအပြား အရှုံးပေါ်နေကြပါတယ်။
Forum