သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲ ပထမဆုံးအကြိမ် ကျင်းပ


ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲ ပထမဆုံးအကြိမ် ကျင်းပ

ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပွဲ ၂၀၁၉ ကို သောကြာနေ့မှာစဖွင့်ပြီး စနေနေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ နိုင်ငံတကာက မြင်ထားသလို ပြည်နယ်တခုလုံးမှာ အခြေအနေဆိုးဝါးနေတာ မဟုတ်ဘူးဆိုတာကို မြင်တွေ့စေချင်တာက ပွဲလုပ်တဲ့ အဓိက ရည်ရွယ်ချက် တခုဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒေသတွင်း အေးချမ်းပြီး စနစ် တကျလုပ်မယ်ဆို ဖြစ်နိုင်ခြေရှိတယ်လို့ ပွဲအတွင်း ဆွေးနွေးပွဲမှာ ပါဝင်မယ့် သူတဦးက မြင်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာတွေ အများအပြားရှိပေမယ့် အဲဒါတွေကို လူအတော် များများက မသိကြတဲ့အတွက် ဒါတွေကို ဖော်ထုတ်ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုပွဲမျိုးလုပ်တာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောပြီး တခြားရည်ရွယ်ချက်တွေကိုလည်း ရှင်းပြပါတယ်။

“အဓိကကတော့ ကျနော်တို့က ရခိုင်မှာရှိတဲ့ ဒေသခံ investor တွေနဲ့ foreign ကလာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ နဲ့ကို network လေးတခု ဖန်တီးပေးတာပေါ့၊ သူတို့ နောင်အနာဂတ်မှာ ချိတ်ဆက် လုပ်လို့ရအောင်၊ ဒါက ဒုတိယရည်ရွယ်ချက်ပေါ့။ တတိကတော့ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ တခြား တိုင်းဒေသကြီး ပြည်နယ်တွေပေါ့၊ အဲဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသား businessmen တွေကိုလည်း ရခိုင်မှာ ရှိနေတဲ့ business community နဲ့ ချိတ်ဆက်ပေးနိုင်အောင်ပေါ့၊ အဲဒီလိုရည်ရွယ်ချက် တွေနဲ့ ကျနော်တို့ လုပ်တာပါ။”

ရခိုင်ပြည်နယ်၊ အထူးသဖြင့် ပြည်နယ်မြောက်ပိုင်းမှာ မတည်မငြိမ် အခြေအနေတွေ ဖြစ်ထားပြီး တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်အများအပြား ထွက်ပြေးသွားကြသလို လက်ရှိမှာလည်း တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

နိုင်ငံတကာရဲ့အမြင်မှာလည်း ရခိုင်ပြည်နယ်လို့ဆိုရင် တကယ့်ကိုအခြေအနေဆိုးနေတဲ့ ဒေသကြီး တခုလို့ မြင်နေကြတာကြောင့် ဒီလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုပွဲမျိုးလုပ်တာက အချိန်အခါ သင့်လျော်ပါရဲ့ လား ။ ဒီမေးခွန်းအပေါ် ဦးအောင်နိုင်ဦးရဲ့ အဖြေကတော့

“တကယ်တော့ ရခိုင်မှာဖြစ်နေတာက ရခိုင်ပြည်နယ် မြောက်ဖျားမှာရှိတဲ့ မြို့နယ် ၂ ခု ၃ ခုမှာပဲ ဒီလိုဖြစ်ပြီး ကျန်တဲ့မြို့တွေက တည်ငြိမ်နေတယ်။ သူက မြို့နယ် ၁၇ ခု ရှိတယ်ဗျ၊ တကယ်ဖြစ်နေတာက မြို့နယ် ၂ ခု ၃ ခုပဲရှိတယ်၊ ကျန်တဲ့မြို့နယ်အားလုံးက တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး အလုပ်အကိုင်မပျက် ရှိနေတယ်။ အခု ကျနော်တို့ လုပ်ပြတာလည်းပဲ ရခိုင်မှာ သူတို့ ထင်ထား သလိုပေါ့၊ အများထင်ထားသလို၊ နိုင်ငံတကာမီဒီယာတွေမှာ ပုံဖော်ထားသလို ဆိုးဝါးနေတဲ့အခြေအနေ မဟုတ်ဘူးဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်သွားစေချင်တာပါ၊ ဒီရည်ရွယ်ချက်လည်း ပါပါတယ်ဗျ။”

အခု ပွဲလုပ်မယ့် ငပလီကမ်းခြေအပါအဝင် တခြားနေရာတွေမှာ ရခိုင်မြောက်ပိုင်းက အခြေအနေတွေရဲ့လွှမ်းမိုးမှုတခုခု ဘာမှ မတွေ့ရဘဲ အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ ပွဲအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲမှာ ပင်တိုင်ဆွေးနွေးသူတဦး အဖြစ်ပါဝင်မယ့် အနုပညာနဲ့ အထည်အလိပ်ဆိုင်ရာ ပြပွဲစီစဉ်သူနဲ့ အထည်အလိပ်ဒီဇိုင်နာ၊ Sunflowers လူမှုစီးပွားအဖွဲ့က ဒေါ်ဖြူအိသိန်းက ဗွီအိုအေကိုပြောပါတယ်။ ဒီပွဲကို အခုလိုအချိန်မှာလုပ်တာ အချိန်အခါသင့်တယ်လို့ အပြည့်အဝမထင်ပေမယ့် လည်း အကောင်းမြင်ဘက်ကကြည့်ပြီး သူက အခုလိုပြောပါတယ်။

“စီးပွားရေးသမားတွေအနေနဲ့ကတော့ ဒီကိုရောက်ပြီးတော့ ဒီကို မျက်မြင်တွေ့ပြီးတော့လည်း စဉ်းစားကောင်း စဉ်းစားမယ်၊ ဒါပေ မယ့် ဟိုဘက်မှာဖြစ်နေတဲ့ဟာတွေနဲ့လည်း ယှဉ်ပြီး စဉ်းစားနိုင်တဲ့အတွက်ကြောင့်မို့လို့ ၁၀၀% ကြီးတော့ လက်ရှိအခြေအနေမှာ လုပ်သင့်တယ်လို့ မထင်ပေမယ့် တဘက်ကလည်းပဲ အကောင်းမြင်ဘက်က တွေးမယ်ဆိုလို့ရှိရင်တော့ ဒီဘက်မှာလည်း ဒါလုပ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဘက်နယ်မြေဒေသကတော့ ဟိုဘက်နဲ့ မတူဘူးဆိုတဲ့ဟာကိုများ ပြချင်သလားလို့လည်း ထင်ပါတယ်။”

ဖေဖော်ဝါရီလ ၂၁ ရက် ကြာသပတေးနေ့မှာ ရခိုင်ဝန်ကြီးချုပ်ရဲ့ ကြိုဆိုပွဲနဲ့ ညစာတည်ခင်း ကျွေးမွေးပွဲနဲ့ စတင်ပြီး သောကြာနေ့ မှာ ဖွင့်ပွဲနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ကလည်း မိန့်ခွန်းတွေပြောကြဖို့ရှိပါ တယ်။ တခြားအစီအစဉ်တွေထဲမှာ သဘောတူညီချက် MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားတခုပါသလို ဆွေးနွေးပွဲတွေ လုပ်ကြမှာလည်းဖြစ်ပါတယ်။ လက်မှတ်ရေးထိုးမယ့် MOU က ဘာဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြည်တွင်းပြည်ပ ချိတ်ဆက်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းကဏ္ဍတွေကတော့ မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်း၊ ဟော်တယ်နဲ့ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ အိုးအိမ်ခြံမြေ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်းနဲ့ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွေ ပါ။

ဒေသတွင်းမှာ အေးချမ်းမယ်၊ စနစ်တကျလုပ်မယ်၊ ရေရှည်စီမံကိန်းနဲ့ လုပ်မယ်ဆိုရင်တော့ အဲဒီလုပ်ငန်းကဏ္ဍတွေကို အောင်မြင်အောင်လုပ်ဖို့ ဖြစ်လာနိုင်ပေမယ့် အခြေခံအဆောက်အအုံပိုင်း အားကောင်းအောင်လုပ်ဖို့တော့ လိုတယ်လို့ ဒေါ်ဖြူအိသိန်းက ပြောပါတယ်။

“ရေလုပ်ငန်းနဲ့ပတ်သက်တဲ့ ငါးတွေ ပုဇွန်တွေဆိုရင် အများကြီးထွက်ပါတယ်၊ တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် တခုရှိတာက ငပလီလို တနေရာထဲက လမ်းပန်းခရီးဆက်သွယ်ရေး လွယ်ကူနေရုံနဲ့ မရပါဘူး။ တခြားနေရာတွေလည်း ဒီလိုမျိုး သွားလာရေး လွယ်ကူမှလည်းပဲ စီးပွားရေးက အဆင်ပြေချောမွေ့မှာဖြစ်တာမို့လို့ရွာတွေ ရွာတွေမှာ ဆားငံရေပဲ ဝင်တဲ့ အတွက်ကြောင့်မို့လို့ ရေချိုမရှိတဲ့အတွက်ကြောင့် ဝေးဝေးမှာ ရေခံပြီးတော့မှ သူတို့တွေ သောက်သုံးရေအဖြစ် သုံးရတာတွေ တွေ့ ရတဲ့အခါကျတော့လည်း လုပ်ငန်း တကယ်လုပ်မယ်ဆိုလို့ရှိရင် အဲဒီဟာတွေက အရင်ဦးဆုံး ဖြည့်ပြီးတော့မှ လုပ်မယ်ဆိုရင် အားလုံးအတွက် ပိုအဆင်ပြေမယ်ထင်တယ်။”

ဒီပွဲကို ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်လုပ်တာဖြစ်ပြီး DICA က လိုအပ်တာတွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။ နိုင်ငံတကာဘက်ကတော့ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ဂျပန်နိုင်ငံ၊ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) တို့က ပံ့ပိုးကူညီကြတာဖြစ်ပါတယ်။

ခုချိန်ထိ စာရင်းပေးထားသလောက် ပါဝင်တက်ရောက်မယ့်သူ ၆၀၀ ကျော်ရှိပြီး အဲဒီထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံ တကာ သံတမန်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေက လူ ၂၀၀ ကျော်လောက် တက်ရောက်ဖို့ရှိပြီး ကျန်တာကတော့ ဒေသခံတွေနဲ့ တခြား တိုင်းဒေသကြီး ပြည်နယ်တွေကဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG