သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ချင်း စစ်ဘေးဒုက္ခသည်တွေ ရိက္ခာနဲ့ ဆေးဝါးပြတ်နေ


ရေကြီးနေတဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခသည်စခန်းတခု (ဓာတ်ပုံ- CJ)
ရေကြီးနေတဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခသည်စခန်းတခု (ဓာတ်ပုံ- CJ)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ ရေကြီးရေလျှံတာကြောင့် စားဝတ်နေရေး ကြပ်တည်းနေကြသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ဆေးဝါးနဲ့ တခြားလိုအပ်ချက်တွေ ရှိနေတယ်လို့ စခန်း တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒီအကြောင်အပြည့်အစုံ ရခိုင်ပြည်နယ်က လာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

မြောက်ဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ရေကြီးရေလျှံတာတွေ ရှိနေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို တချို့စစ်ရှောင်တွေကိုလည်း စခန်းကနေတခြားနေရာတွေကို ရွှေ့ပြောင်းရခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း စစ်ရှောင်စခန်းမှာဆိုရင် ကိုဗစ်ကူးစက်ခံရသူတွေ ရှိတာကြောင့် စခန်းတခုလုံးကို အသွားအလာကန့်သတ်ထားသလို ဒီကြားထဲ ရေကြီးရေလျှံတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။

“ရေကတော့ ဒီလ ၂၂ ရက်နေ့ကပဲ ဦးလေးတို့စခန်းကို ရေလွှမ်းနေတာပေါ့နော်။ အစကတည်းကလည်း ကိုဗစ်ကြောင့် စခန်းတွေ ရွာတွေကို lockdown ချထားတယ်။ စခန်းထဲကလူတွေလည်း အကုန်လုံး ပိတ်မိနေကြတဲ့အချိန်မှာ စားဝတ်နေရေးအတွက်လည်း WFP က ၆ လပိုင်းနဲ့ ၇ လပိုင်းအတွက် ရိက္ခာတွေ လုံးဝကို မရသေးဘူး။ ဒီထဲ ကျနော်တို့ ထပ်ပြီးတော့ ရေကြီးတယ်ဆိုတော့ တပူမှာ နှစ်ပူဆင့်သလို ဖြစ်နေတာပေါ့။”
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ဘက်မှာလည်း အခက်အခဲတွေ ရှိနေတာကြောင့် စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့ဖို့ ခက်ခဲနေတဲ့အကြောင်း စခန်းတာဝန်ရှိသူတွေဆီ စာပို့ထားတယ်လို့ ဦးသိန်းရွှေမြတ်က ပြောပါတယ်။

“WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ကျနော်တို့ဆီကို စာလာတယ်။ ဘဏ်စနစ်တွေ အခက်အခဲ ငွေရေးကြေးရေးတွေ အခက်အခဲတွေကြောင့် WFP က လုပ်နိုင်တဲ့အနေအထားထက် ကျော်လွန်ပြီး အခက်အခဲတွေ ရှိနေတာကြောင့် ၆ လပိုင်းနဲ့ ၇ လပိုင်းအတွက် ရိက္ခာတွေကို ၇ လပိုင်းမှာ ပေးမယ်ဆိုပြီး ပြောထားပေမယ့် အခုအထိတော့ အဆက်အသွယ်မရ အဆင်မပြေသေးဘူး။”

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းက ကလားချောင်း စစ်ရှောင်စခန်းမှာလည်း ရေကြီးရေလျှံတာတွေ ဒီကနေ့အထိ ရှိနေတာကြောင့်စားနပ်ရိက္ခာတွေ လိုအပ်နေသလို ဆေးဝါးတွေလည်း မရှိဘူးလို့ ကလားချောင် းစစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ကျနော်တို့စခန်းမှာ ရေကြီးရေလျှံနေတာကြောင့် စားနပ်ရိက္ခာကတော့ ကြပ်တည်းနေတာပေါ့။ ရွာကလည်း ကိုဗစ်-၁၉ နဲ့ အဝင်အထွက်ပိတ်ထားတယ်။ဆေးဝါးတွေလည်း အလုံအလောက်မရှိဘူး ဘာမှကိုမရှိတာ။ နေမေကောင်းဖြစ်ရင်လည်း ရွာက ဆေးသမားတွေနဲ့ ဆေးထိုးတာပေါ့။”
ဒါ့အပြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း လက်ရှိအချိန် စစ်ရှောင်တချို့ ရာသီတုတ်ကွေးတွေ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေကြသလို ဆေးဝါး ထောက်ပံ့မှုတွေလည်း မရှိဘူးလို့ ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောပါတယ်။

“ အခုကတော့ စစ်ရှောင်စခန်းကတော့ သုံးနေရာရှိတယ်။ ဘောလုံးကွင်းမှာ တဖွဲ့ရယ် စိုက်ပျိုးရေးကွင်းမှာ တဖွဲ့ရယ်။ နောက်ပြီးတော့ ရိက္ခာရပ်ကွက်ဘက်မှာ တဖွဲ့ရှိတယ်။ သုံးဖွဲ့ရှိတယ်အစ်ကို။ စုစုပေါင်း အိမ်ခြေကတော့ ၁,၇၀၀ လောက် ရှိပါတယ်အစ်ကို။ စားဝတ်နေရေးကတော့ စစ်ရှောင်တွေကို WFPအဖွဲ့ကနေ လစဉ်ထောက်ပံ့ပေးတာရှိတယ်။ စားဝတ်နေရေးကတော့ အဆင်ပြေတယ်။ ဒါပေမယ့် ကျန်းမာရေးပိုင်းကတော့ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ တချို့က ဝမ်းပျင်ဝမ်းလျှောဖြစ်တယ်။ တချို့က ရာသီတုတ်ကွေးရောဂါ ဖြစ်နေတဲ့ အနေအထားကို တွေ့မြင်နေရတယ် အကို။ ဆေးဝါးမလုံလောက်မှုတွေလည်း ရှိနေတယ်။”

လက်ရှိအချိန်မှာ ရခိုင်ပြည်တွင်း ကိုဗစ်ကူးစက်မှု တိုးလာနေသလို သေဆုံးသူတွလည်း များပြားလာနေတာပါ။ တချိန်တည်းမှာပဲ သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

.....................................................................

တိုက်ရိုက် လင့်ခ်


ရခိုငျနဲ့ခငြျး စဈဘေးဒုက်ခသညျတှေ ရိက်ခာနဲ့ ဆေးဝါးပွတျနေ









XS
SM
MD
LG