သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်တွင်း မြန့်မာ့အရေး Burma Caucus အဖွဲ့ ဖွဲ့စည်း

Burma Caucus အဖွဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ်ဆောင်ရွက်မယ့် Michigan ပြည်နယ် ရီပါဘလစ်ကန်အမတ် Bill Huizenga နဲ့ Minnesota ပြည်နယ် ဒီမိုကရက်အမတ် Betty McCollum
Burma Caucus အဖွဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ်ဆောင်ရွက်မယ့် Michigan ပြည်နယ် ရီပါဘလစ်ကန်အမတ် Bill Huizenga နဲ့ Minnesota ပြည်နယ် ဒီမိုကရက်အမတ် Betty McCollum

မြန်မာ့အရေး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ကို ဒီနေ့ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်လွှတ်တော်ထဲမှာ ရီပါဘလစ်ကန်ရော ဒီမိုကရက်ပါ ပါတီ ၂ ရပ်လုံးက ကိုယ်စားလှယ်တွေတညီတညွတ်တည်း မြန်မာ့ရေးရာ အာရုံစိုက်လုပ်ဆောင်ဖို့ Burma Caucus အဖွဲ့ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

Michigan ပြည်နယ် ရီပါဘလစ်ကန်အမတ် Bill Huizenga နဲ့ Minnesota ပြည်နယ် ဒီမိုကရက်အမတ် Betty McCollum တို့က အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတာတွေကို အမေရိကန်လွှတ်တော်ဖက်မှာ တွန်းအားပေးလုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်းလည်း ရိုက်တာသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုပြဿနာက စိုးရိမ်ရတဲ့ အခြေအနေထိ ရောက်ရှိနေပြီး လွှတ်တော်တွင်းက ခေါင်းဆောင်တွေအနေနဲ့ ချက်ချင်းအာရုံစိုက်သင့်တဲ့ အနေအထားရောက်နေပြီဖြစ်ကြောင်း လွှတ်တော်အမတ်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။ လွှတ်တော်တွင်း မြန်မာရေးရာ အထူးအဖွဲ့ Burma Caucus ထဲမှာ အဖွဲ့ဝင် အမတ် အယောက် ၃၀ ထက်မနည်း ပါဝင်မယ်လို့ Burma Caucus ဖြစ်မြောက်ရေး ပါဝင်ကူညီနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ The Campaign for a New Myanmar CNM အဖွဲ့ က Kristiana Kuqi က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

၂၀၂၃ ခုနှစ်တွင်းမှာ အမေရိကန်လွှတ်တော်ကနေ မြန်မာ့အရေး ချမှတ်ချက်ထဲမှာ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို လက်နက်မဟုတ်တဲ့ အထောက်အပံ့ပေးဖို့နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ ထိန်းထားတဲ့ မြန်မာနိုင်ငံပိုင် ဒေါ်လာ ၁ ဘီလျံ ဝန်းကျင်ကို ကိုင်တွယ်ဖို့ အကြံပေးရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီလို မြန်မာ့အရေးကိစ္စရပ်တွေကို သမ္မတဘိုင်ဒန်အစိုးရအနေနဲ့ တွန်းအားပေးကူညီဖို့ မြန်မာ့အရေးကြိုးပမ်းသူတွေက လုပ်ဆောင်နေတာဖြစ်ပါတယ်။ မနေ့ဗုဒ္ဓဟူးနေ့တုန်းကတော့ မြန်မာစစ်တပ်နဲ့ ဆက်စပ်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့ပါသေးတယ်။

This item is part of
XS
SM
MD
LG