သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအခြေအနေလိုမျိုး ပါကစ္စတန်မရောက်ဖို့ ဝန်ကြီးချုပ်ဟောင်း Imran Khan သတိပေး


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးကိုလာရောက်စဉ် (မတ် ၂၁၊ ၂၀၂၃)
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးကိုလာရောက်စဉ် (မတ် ၂၁၊ ၂၀၂၃)


ပါကစ္စတန်အနေနဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးရွေးမလား ဒါမှမဟုတ် တူရကီလို ၂၀၁၆ခုနှစ်က လူထုအောင်ပွဲ Spring Revolution နွေဦးတော်လှန်ရေးဖြစ်ရပ်မျိုးကို ရွေးမလား အခြေအနေရောက်ရှိနေကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းက (Imran Khan) က Twitter လူမှုကွန်ရက်ကနေ ဒီကနေ့ သတိပေးလိုက်ပါတယ်။ ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါလီမန်ဖျက်သိမ်းပြီး ရက်ပေါင်း (၉ဝ)အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ဗဟိုတရားရုံးရဲ့ အဆုံးအဖြတ်အတိုင်း အကောင်အထည်ဖေါ်ရေးကို ဝန်ကြီးချုပ်ဟောင်း Khan က အကြီးအကျယ်မျှော်လင့်နေကြောင်း ဒေသထုတ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ပါကစ္စတန်ဗဟိုတရားရုံးရဲ့ အဆုံးအဖြတ်နဲ့ Punjab နဲ့ Khyber Pakhtunkhwa ပြည်နယ်တွေမှာ မူလက ဒီလ ဧပြီလအတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖို့သတ်မှတ်ထားပြီးမှ ရွေးကောက်ပွဲ ကော်မရှင် ECP ကနေ နောက်ဆုတ်လိုက်တာကို သူက ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ အဲဒီအထဲက Punjab ပြည်နယ် ရဲ့ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ကို နောက်ဆုတ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ Khyber Pakhtunkhwa ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ရွေးကောက်ပွဲရက်ကို မသတ်မှတ်သေးပေမယ့် လုံခြုံရေးနဲ့ ရန်ပုံငွေ အခက်အခဲကြောင့်လို့ အကြောင်းပြပါတယ်။


ရွေးကောက်ပွဲ နောက်ဆုတ်လိုက်တာနဲ့ ပတ်သက်ပြီး Pakistan Tehreek-e-Insaf ( PTI) ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် Imran Khan က ဒါဟာ အခြေခံ ဥပဒေမှာပါရှိတဲ့ ပါလီမန်ကို ဖျက်သိမ်းပြီးတာနဲ့ ၃ လအတွင်း ရွေးကောက်ပွဲပြုလုပ်ရမယ်ဆိုတဲ့အချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ အဲဒီလိုလုပ်တာဟာ အစိုးရအနေနဲ့ ရွေးကောက်ပွဲ အချိန်ဇယားပြောင်းလဲပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားတာလို့လည်း သူက စွပ်စွဲလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်ဟာ သူတို့ရေးဆွဲခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာကြောင့် တိုင်းပြည်တွင်း ပဋိပက္ခတွေ ဆိုးရွားနေကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။ တူရကီမှာတော့ လက်ရှိသမ္မတ Recep Tayyip Erdogan အာဏာပြန်ရလာတာဟာ ၂၀၁၆ခုနှစ်က စစ်အာဏာသိမ်းချိန်မှာ တူရကီပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးအောင်မြင်မှု ရလာဒ်ကို ဝန်ကြီးချုပ်ဟောင်း Khan က ရည်ညွန်းပြောဆိုခဲ့တာဖြစ်တယ်လို့ India Today သတင်းမှာ ဧပြီလ (၄)ရက်နေ့က ဖေါ်ပြထားပါတယ်။

XS
SM
MD
LG