သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်မှု ထိုင်ဝမ်ဒေသခံများလုံခြုံရေးပြင်ဆင်


ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှု (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှု (ယခင်မှတ်တမ်းဓာတ်ပုံ)

ကိုယ်ပိုင်အစိုးရနဲ့အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကိုသိမ်းယူဖို့ တရုတ်ဘက်ကကြိုးစားလာနိုင်တဲ့ကိစ္စဟာဆိုရင် ထိုင်ဝမ်ကျွန်းအတွက် ဆယ်စုနှစ်နဲ့ချီ တည်ရှိလာနေတဲ့ ခြိမ်းခြောက်မှုတရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို ဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကြားမှာလည်း ဒီကိစ္စက ဆွေးနွေးစရာ အကြောင်းအရာတရပ်ပါ။ ဒါပေမဲ့ ထိုင်ဝမ် ဒေသခံတချို့ကတော့ တရုတ်ဘက်က တိုက်ခိုက်လာနိုင်တဲ့ခြိမ်းခြောက်မှုက အရင်ကထက် တိုးလာနေတယ်လို့ ပြောဆိုကြပြီး ဒီအတွက်လည်း ပြင်ဆင်နေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Elizabeth Lee ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

လေသေနတ်ပစ်ကလပ်မှာ တခြားသင်တန်းသားတွေက ပလတ်စတစ် ကျည်စေ့နဲ့ လေ့ကျင့် ပစ်ခတ်နေကြချိန်မှာ စစ်ပွဲအတွေ့အကြုံရှိတဲ့ Tony Lu ကတော့ ကျည်အစစ်ကို သုံးနေတာပါ။

"လေယာဉ်လက်မှတ်ဝယ်ပြီး ယူကရိန်းကို သွားခဲ့ပါတယ်။ ဘယ်သူ့မှ မပြောခဲ့ပါဘူး။"

Lu အတွက်တော့ ယူကရိန်းမှာ သုံးလတာတိုက်ပွဲဝင်ခဲ့တာကို ပြန်ပြီး သတိရစေပါတယ်။

"ရုရှား - ယူကရိန်း စစ်ပွဲနောက်ပိုင်းမှာ အရပ်ဘက် ကာကွယ်ရေး သင်တန်းတွေ ပိုပြီး များလာပါတယ်။"

ရုရှားက ယူကရိန်းကို တိုက်ခိုက်နိုင်ရင် တရုတ်ဟာလည်း ထိုင်ဝမ်ကိုတိုက်ခိုက်လာနိုင်တယ်လို့ ထိုင်ဝမ်ပြည်သူတချို့က စိုးရိမ်ကြပါတယ်။ သေနတ်ပစ်တတ်ဖို့ လေ့ကျင့်သူတွေရှိသလို တချို့ကတော့ ကြေးနန်းဆက်သွယ်ရေးကို သင်ယူဖို့ စိတ်အားထက်သန်ကြပါတယ်။ Kuma Academy က စာသင်ခန်းမှာတော့ သင်တန်းသားတွေက လုပ်ကြံသတင်းတွေကို ဖော်ထုတ်နိုင်ရေး၊ အခြေခံ အဆောက်အအုံတွေ ဖရိုဖရဲဖြစ်လာခဲ့ရင် ရှင်သန်ရပ်တည်ရေး၊ ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ရေးတို့ကို လေ့လာသင်ယူကြပါတယ်။ သင်တန်းသား အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။ Kuma Academy ကို ပူးတွဲတည်ထောင်သူ Marco Ho က အခုလို ပြောပါတယ်။

"မိခင်များ အဖွဲ့လိုပါဘဲ။ သူတို့ သင်တန်းကိုလာရတဲ့ရည်ရွယ်ချက်ကတော့ စစ်ပွဲအပါအဝင် ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးတွေမှာ သူတို့ ဘာလုပ်နိုင်မလဲ၊ မိသားစုကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာတွေကို သိလိုကြတာပါ။"

ထိုင်ဝမ်နဲ့တရုတ်ကြား သမိုင်းကြောင်းဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ပြီးဆုံးခဲ့တဲ့ တရုတ်ပြည်တွင်းစစ်ကနေ ဆင်းသက်လာတာပါ။ ကွန်မြူနစ်တွေအနိုင်ရခဲ့ပြီးနောက် အာဏာရအစိုးရက ထိုင်ဝမ်ကိုဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ထိုင်ဝမ်မှာ ကိုယ်ပိုင်ဒီမိုကရေစီနည်းကျ အစိုးရတရပ်ရှိနေပေမဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းအဖြစ် မှတ်ယူထားတာပါ။ ထိုင်ဝမ်ကျွန်းကို တရုတ်ဘက်က တိုက်ခိုက်လာနိုင်ခြေက အမြဲတမ်း ရှိနေပေမဲ့လည်း နှစ်ပေါင်းများစွာ ကြာလာချိန်မှာတော့ တချို့သူတွေက လျစ်လျူရှုလာကြတယ်လို့လည်း Kuma Academy ရဲ့ ပူးတွဲတည်ဆောင်သူ Marco Ho က ပြောပါတယ်။

"ဒီအဖြစ်အပျက်က မနေ့ကလည်း မဖြစ်ဘူး၊ ဒီကနေ့လည်း မဖြစ်ဘူး။ မနက်ဖြန်လည်း ဖြစ်မှာမဟုတ်ဘူးလို့ တခါတလေ တွေးကြပါတယ်။ ဒီလို တွေးကြတာတွေက သိပ်ကို အန္တရာယ် ရှိပါတယ်။"

တရုတ် ခေါင်းဆောင် Xi Jinping အာဏာရလာခဲ့ပြီးနောက် တရုတ်ရဲ့ ခြိမ်းခြောက်မှုက ပြောင်းလဲလာခဲ့ပြီလို့ ပြောကြသူတွေလည်း ရှိပါတယ်။ Marco Ho က အခုလို ပြောပါတယ်။

"သူက နိုင်ငံတကာ စံနှုန်းတွေကို သတ်မှတ်သူ ဖြစ်ချင်နေတာပါ။"

တရုတ်ရဲ့ ခြိမ်းခြောက်မှုမှာ သတိထားရမယ့် တခြားအကြောင်းလည်း ရှိတယ်လို့ သင်တန်းသား Watoto Lou က ပြောပါတယ်။

"နည်းပညာက အကြီးဆုံး အကြောင်းရင်းလို့ ထင်ပါတယ်။ သတင်းအချက်အလက်တွေ အားလုံးမှာ ရှုပ်ထွေးနေပါတယ်။ သတင်းအချက်အလက် ရှုပ်ထွေးနေတာကြောင့် စစ်ရေး တိုက်ခိုက်မလား ၊ဒါမှမဟုတ်လည်း သတင်းအချက်အလက် စစ်ပွဲ ဖြစ်မလားဆိုတာ မသိပါဘူး။"

ထိုင်ဝမ်ပြည်သူတွေ ကျွန်းကို ကာကွယ်နိုင်မလားဆိုတာကိုတော့ Lu က သံသယ ရှိပါတယ်။

"ကျနော်ကတော့ သိပ်ပြီး မထင်ပါဘူး။ ထိုင်ဝမ်ကို ကာကွယ်နိုင်ရေးအတွက် လူတွေ စွမ်းရည်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဘဝက သိပ်ပြီး အေးချမ်းသာယာနေတာပါ။"

တရုတ်ဘက်က တိုက်ခိုက်လာနိုင်ခြေဟာဆိုရင် ထိုင်ဝမ်မှာ သမ္မတသစ် ဘယ်သူ အရွေးခံရမလဲဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘူးလို့ လေ့လာသူတွေက ပြောကြပါတယ်။ စစ်ရဲ့အန္တရာယ်တွေကို တွက်ချက်နေမယ့်အစား စစ် ဖြစ်လာနိုင်တယ်ဆိုတဲ့အရှိတရားကို ထိုင်ဝမ်ပြည်သူတွေ ရင်ဆိုင်ဖို့လိုအပ်ပြီး ဒီအတွက် ပြင်ဆင်ထားရမယ်လို့ Ho က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG