သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အတွက် EU က စာနာမှုအကူအညီ ဒေါ်လာ ၁ ဘီလျံကျော်ပေးမည်


(Zawgyi / Unicode)

ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့က အစိုးရခေါင်းဆောင်တွေ၊ ဝန်ကြီးတွေရဲ့ အင်္ဂါနေ့က အွန်လိုင်း ဆွေးနွေးပွဲအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွက် ငွေကြေးထောက်ပံ့ ကူညီဖို့ သဘောတူခဲ့ကြပါတယ်။

တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ကြုံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပြီးနောက် G-20 အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ကြတာပါ။

“အာဖဂန်နိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်အောင် အချိန်မီ မကူညီနိုင်ဘူးဆိုရင်။ သူတို့သာမကပါဘူး ကမ္ဘာကြီး တခုလုံးက တန်ဘိုးကြီးကြီး ပေးဆပ်ကြရပါလိမ့်မယ်။” လို့ G-20 အဖွဲ့ အစည်းအဝေး မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့မျာ အတွင်းရေးမှူးချုပ် Antonio Guterres ကသတိပေးလိုက်တာပါ။

အလုပ်အကိုင်မရှိ၊ စားစရာမရှိ၊ လူ့အခွင့်အရေး အကာအကွယ် ပေးနိုင်တာတွေ မရှိဘူးဆိုရင် ဘဝသစ်ထူထောင်ဖို့ အာဖဂန်နိုင်ငံသားတွေ တိုင်းပြည်ကနေ ထွက်ပြေးကြတာတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်ကွန်ရက်တွေ တိုးလာတာကို တွေ့ရလိမ့်မယ်လို့လည်း ပြောပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းပြီး သြဂုတ်လထဲမှာပဲ တာလီဘန်တွေ သိမ်းပိုက်လိုက်တာကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ထိပ်သီး နိုင်ငံတွေကြား ပထမဆုံး ဆွေးနွေးပွဲကိုတော့ အီတလီဝန်ကြီးချုပ်က ကမကထလုပ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (EU) ကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာကြီးတွေ မကြုံရအောင် ဒေါ်လာ ၁.၁၅ ဘီလီယံ ထောက်ပံ့မယ့်အကြောင်း ထိပ်သီးအစည်းအဝေးမှာ ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း အထောက်အပံ့တွေကို တာလီဘန်တွေ ထိန်းချုပ်ခွင့် မပေးဖို့လည်း EU ခေါင်းဆောင်တွေ အလေးထား ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG