(Zawgyi / Unicode)
အာဖဂန်နစ္စတန်နိုင်ငံမှာ စာသင်ခန်းတွေ အဆောက်အဦးတွေထဲ ကျား-မ သီးသန့်ခွဲထားတဲ့ပုံစံ ရှိနေသမျှ အမျိုးသမီးတွေ ဘယ်ကျောင်းမှာမဆို ပညာဆက်လက် သင်ယူခွင့်ရှိကြောင်း တာလီဘန်တွေရဲ့ ယာယီပညာရေးဝန်ကြီး Abdul Baqi Haqqani က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကျား-မ တွဲသင်ယူတဲ့ ပညာရေးဟာ အစ္စလာမ်တွေအတွက်ရော အာဖဂန် ရှေးရိုးယဉ်ကျေးမှုအရပါ မကိုက်ညီတဲ့အတွက် အခုလို ခွဲပြီး သင်ကြားစေတာဖြစ်ကြောင်း အာဖဂန်နိုင်ငံအတွက် မူဝါဒအသစ်ကိုချပြတဲ့ ကာဘူးလ်က သတင်းစာရှင်းလင်းပွဲမှာ ယာယီဝန်ကြီးက ပြောသွားတာပါ။
ဒါ့အပြင် ဆရာမတွေဟာ ကျောင်းသူတွေကိုပဲ ပညာသင်ပေးခွင့်ရှိကြောင်းနဲ့ သင်ပေးမယ့်ဆရာမလည်း အလုံအလောက် ရှိနေတယ်လို့ ပြောပါတယ်။ ဆရာတွေကတော့ ကျောင်းသူတွေကို အစ္စလာမ်ဥပဒေ Sharia ကို မချိုးဖောက်ရင် သင်ကြားပေးခွင့် ရှိတယ်လို့လည်း ပြောပါတယ်။ ဒီဥပဒေအရ အကာအရံတခုထားပြီးမှ သင်ကြားပေးရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အာဖဂန်မှာ အောင်မြင်ခဲ့တဲ့ ပညာရေးကို ဆက်ထိန်းထားဖို့ တာလီဘန်အစိုးရက လိုလားကြောင်း၊ ဒါပေမယ့် ကျား-မ တွဲပြီး သင်တာမျိုး မရှိစေရဘူးလို့လည်း Haqqani က ပြောပါတယ်။
အာဖဂန်မှာ တာလီဘန်တွေ အုပ်ချုပ်ခဲ့တဲ့ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း လူ့အခွင့်အရေး အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာကြောင့် အဲဒီကာလတွေအတွင်း နိုင်ငံတကာရဲ့ ဝိုင်းပယ်မှုကို ခံခဲ့ရတာပါ။ အမျိုးသမီးတွေအတွက် အဖော်အဖြစ် ဆွေမျိုးအမျိုးသားတဦး မပါရင် အိမ်အပြင်ထွက်ခွင့် မရှိသလို မိန်းကလေးငယ်တွေကိုလည်း တာလီဘန်တွေက ပညာသင်ခွင့် မပေးခဲ့ပါဘူး။
တာလီဘန်တွေ ပြန်အာဏာရလာတဲ့ ပြီးခဲ့တဲ့လတုန်းကမှ အမျိုးသမီးတွေကို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးမှာ ဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ကာကွယ်ပေးမှာဖြစ်ကြောင်း တာလီဘန်တွေက ကတိပေးခဲ့တာ ဖြစ်ပါတယ်။
-------------------------
(Unicode)