သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gates ဖောင်ဒေးရှင်းစီစဉ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဦးတည်ချက်များ သုံးသပ်မှု


အမေရိကန်ပြည်ထောင်စု ၊ Nebraska ပြည်နယ်အခြေစိုက် CHI Health ပရဟိတဆေးရုံကွန်ယက်က အရည်အသွေးမြှင့်တင်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာမျိုးမြင့်အောင်နဲ့ ဗွီအိုအေဝိုင်းတော်သူ အိသန့်စင်ရဲ့ ဆက်သွယ်မေးမြန်းချက်။​ (စက်တင်ဘာ ၂၆၊ Skype screen shot)
အမေရိကန်ပြည်ထောင်စု ၊ Nebraska ပြည်နယ်အခြေစိုက် CHI Health ပရဟိတဆေးရုံကွန်ယက်က အရည်အသွေးမြှင့်တင်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာမျိုးမြင့်အောင်နဲ့ ဗွီအိုအေဝိုင်းတော်သူ အိသန့်စင်ရဲ့ ဆက်သွယ်မေးမြန်းချက်။​ (စက်တင်ဘာ ၂၆၊ Skype screen shot)

ကမ္ဘာတဝှမ်း မိခင်နဲ့ကလေးသေဆုံးမှု လျှော့ချနိုင်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်နေသူတွေကိုလည်း အိန္ဒိယရုံးခွဲကနေတဆင့် ထောက်ပံ့ကူညီနေကြောင်း စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဂိုးဖမ်းသမားများလို့ တင်စားခေါ်တဲ့ Goalkeepers ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။ ကောင်းမွန်တိုးတက်တဲ့အနာဂတ်ကို ရှေးရှုဆွေးနွေးခဲ့ကြပြီး ဒီပွဲကို Bill and Melinda Gates Foundation က ကမကထပြု ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊Nebraska ပြည်နယ်အခြေစိုက် CHI Health ပရဟိတဆေးရုံကွန်ယက်က အရည်အသွေးမြှင့်တင်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာမျိုးမြင့်အောင်ကို မအိသန့်စင် Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

အိသန့်စင်။ ။ မင်္ဂလာပါ ကိုမျိုးမြင့်အောင်ရှင့်။ အခုလို ဗွီအိုအေနဲ့ အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာမျိုးမြင့်အောင်။ ။ မင်္ဂလာပါ မအိသန့်စင်။ ကျနော်ကလည်း ဒီလို တွေ့ဆုံ မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၁၉-၂၀ ဒီ ၂ ရက်မှာက နယူးယောက်မြို့မှာလုပ်ခဲ့တဲ့ အဓိက-ကတော့ Gates foundation ကနေဦးဆောင်တဲ့ Goalkeepers 2023 event ပေါ့နော်- တကမ္ဘာလုံးအတွက် လုပ်ထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ goals တွေပေါ့နော်၊ sustainable development goals တွေကိုဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးနေကြတဲ့သူတွေကို စုစည်းပြီးတော့ conferencing တခု လုပ်တာဖြစ်ပါတယ်။ အဲဒီ conference ကို ကျနော် သွားပြီးတော့ တက်ရောက်ခဲ့ပါတယ်ခင်ဗျ။

အိသန့်စင်။ ။ ဟုတ်ကဲ့၊ အဲဒီမှာလေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဘယ် အကြောင်းအရာတွေ ပါဝင်ပါသလဲရှင်။

ဒေါက်တာမျိုးမြင့်အောင်။ ။ မြန်မာနိုင်ငံကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် Gates Foundation ရဲ့ပံ့ပိုးမှုကနေ နည်းနည်းလေး အားနည်းသွားတာကိုတွေ့ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကတော့ ကျနော်တယောက်တည်းပဲ အဲဒီ conference မှာ ပါဝင်ခွင့်ရခဲ့တယ်ပေါ့နော်။

အဓိက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ sustainable developement goals ၁၇ ခုနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ၊ အခု ကျနော်တို့ sustainable development goal တွေကို ပြောလာတာ ၂၀၁၅ ခုနှစ်ကစခဲ့တာဆိုရင် ၂၀၃၀ မှာ ပန်းတိုင်တွေကိုရောက်ဖို့ မှန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် အလယ်တဝက်ခရီးရောက်နေပြီ။ အဲဒီကာလမှာ ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်သလဲ၊ ဘယ် goal တွေမှာတော့ ရောက်သင့်တဲ့နေရာမရောက်ဘဲ နောက်ကျနေသလဲ၊ ဒါတွေကို ဆွေးနွေးပြီးတော့မှ အဓိက-နိုင်ငံအသီးသီးမှာရှိတဲ့ခေါင်းဆောင်တွေ၊ ပါဝင်ပတ်သက်ပြီးတော့ ကူညီနေကြတဲ့ UN အဖွဲ့အစည်းတွေ၊ အင်တာနေရှင်နယ် လိုကယ် (international local )တွေမှာရှိကြတဲ့ NGO အဖွဲ့အစည်းမှာရှိကြတဲ့လူတွေကို အကုန်လုံး ဝိုင်းဝန်းကူညီကြဖို့၊ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ technology မှာလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေအားလုံးပေါ့နော်၊ အခု အတူပါပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ဆိုပြီးတော့ နှိုးဆော်တဲ့ပွဲလေးဖြစ်ပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံနဲ့ relevant (ဆက်စပ်ပတ်သက်)ဖြစ်တာကတော့ အဓိက highlight လုပ်သွားတာကတော့ Maternal and Child Health -ပေါ့နော်၊ မိခင်နဲ့ကလေးသေဆုံးနှုန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ရောက်သင့်ရောက်ထိုက်တဲ့နေရာကို မရောက်ဘဲနဲ့ အရှိန်အဟုန်လေးတွေ နည်းနေတာကို တွေ့ရတဲ့အတွက်ကြောင့် ပိုပြီးတော့ အားစိုက်ပြီးလုပ်ဖို့ဆိုပြီးတော့ အဲဒီ conference မှာ ဆွေးနွေးသွားတာ ရှိပါတယ်ခင်ဗျ။

မအိသန့်စင်။ ။ ဟုတ်ကဲ့ပါရှင့်၊ ဒီလိုမျိုး မြန်မာနိုင်ငံအတွက် ထောက်ပံ့ဖို့ကျတော့ ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ထောက်ပံ့တာလဲ၊ ငွေကြေးကရော ဘယ်လိုမျိုး ထောက်ပံ့မှုတွေရှိပါလဲရှင့်။

ဒေါက်တာမျိုးမြင့်အောင်။ ။ ကျနော်သိရသေလာက်ကတော့ Gates Foundation က မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ regional office ပေါ့နော်၊ အဲဒီမှာ ဒေသတွင်း ရုံးတခုရှိပါတယ်။ အဲဒီရုံးကနေပြီးတော့မှ လုပ်မယ့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ လုပ်မယ့် နည်းဗျူဟာ၊ မဟာဗျူဟာ strategy တွေချမှတ်ထားတာ ရှိပါတယ်။ အဲဒီ strategy နဲ့ကိုက်ညီတဲ့ လုပ်ငန်းခေါင်းစဉ်ပေါ်မှာမူတည်ပြီးတော့မှ grant (ထောက်ပံ့ကြေး) ကိုယူပြီးတော့ ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းအသီးသီးကို grant တွေ ပေးတဲ့သဘောမျိုး ရှိပါတယ်။

အထူးသဖြင့်တော့ ကျနော်တို့ လွန်ခဲ့တဲ့ သုံးလေးငါးနှစ်မှာရှိခဲ့တဲ့ grantee တွေကိုကြည့်လိုက်မယ်ဆိုရင် ဘာသွားတွေ့ရသလဲဆိုတော့ ၂၀၂၁ မတိုင်ခင်တုန်းကတော့ မြန်မာနိုင်ငံမှာဆိုရင် ရောဂါသုံးမျိုးပေါ့နော်- HIV, Malaria, TB နဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့ International NGO - နိုင်ငံတကာလူမှုကူညီတဲ့အဖွဲ့အစည်းတွေ ရခဲ့တာရှိပါတယ်။ သို့သော်လည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို တိုက်ရိုက်ပေးနေတာမျိုးတွေ မတွေ့ရဘဲနဲ့ Partners Asia လို အဖွဲ့မျိုးပေ့ါနော်၊ ဒါမျိုးအဖွဲ့အစည်းမျိုးဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ကြားထဲမှာ financial inclusion - ငွေကြေးနဲ့ပတ်သက်ပြီးတော့မှ အခြေခံ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို သင်ပေးတယ်။ ပြီးတေ့ာမှ အမျိုးသမီးတွေကို ကူညီပံ့ပိုးတဲ့အဖွဲ့မျိုးကို funding ပေးနေတာ တွေ့ပါတယ်။

ကျန်တာတွေကတော့ မြန်မာနိုင်ငံတွင်း အဖွဲ့တွေဆီ တိုက်ရိုက် fund (ရန်ပုံငွေ) စီးဆင်းတာမရှိဘဲနဲ့ ဒေသတွင်းမှာရှိတဲ့- ဥပမာ တရုတ်နိုင်ငံမှာရှိတဲ့ research လုပ်နေတဲ့ တက္ကသိုလ်ကိုပေးတဲ့ပုံစံမျိုး၊ ပြီးရင်လည်း ဒေသတွင်းအဖွဲ့အစည်းတွေဆီကို အဓိက funding တွေသွားနေတာကို ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။

မအိသန့်စင်။ ။ ဟုတ်ကဲ့ပါရှင့်၊ အကယ်၍ အခု ဒီ မြန်မာနိုင်ငံထဲက ပြည်သူတွေက ဒီ funding တွေနဲ့ပတ်သက်ပြီးတော့ ရယူချင်တယ်၊ ဒါမှမဟုတ် သူတို့ အဓိက လက်တွေ့ကျတဲ့နည်းလမ်းနဲ့ ရယူဖို့ဆိုရင် ဘယ်လိုနည်းလမ်းနဲ့လုပ်ဆောင်ရမလဲရှင့်။

ဒေါက်တာမျိုးမြင့်အောင်။ ။ အဓိက ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရုံးခွဲမှာရှိတဲ့ strategy ကျနော်တို့သွားမယ့် မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေအောက်ကနေပြီးတော့ အဆိုပြုလျှောက်လွှာတွေ တင်ဖို့လိုပါတယ်။ အဓိက ကတော့ အဲဒီရုံးခွဲတွေမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့လည်း ချိတ်ဆက်ပြီးတော့မှ မြန်မာနိုင်ငံမှာလိုအပ်ချက်ရှိနေတဲ့နေရာတွေကို အဓိက highlight လုပ်ပြီးတော့ တင်ပြအရေးဆိုဖို့ လိုပါတယ်။ ကျနော် လိုက်ပြီး နားထောင်ရသလောက်ကတော့ အခုလုပ်သွားတဲ့ conference မှာ အဓိက Bill Gates - Melinda Gates တို့ကနေပြီးတော့ အဓိက ဦးစားပေး၊ ဇောင်းပေးပြီးတော့ ကူညီချင်တဲ့နေရာကတော့ Maternal Child Health အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီး သေဆုံးမှုတွေ၊ ကလေးသူငယ်သေဆုံးမှုကို လျှော့ချနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းများဆိုရင် ကျနော်တို့ funding opportunity ပေါ့နော်၊ funding ရနိုင်တဲ့အခွင့်အလမ်းတွေ ရှိပါတယ်။

နောက်တခုကတော့ အခုနကပြောတဲ့ Women Empowerment Gender Equality ပေါ့၊ ဒီအပိုင်းကိုလည်း ဇောင်းပေးတာတွေ့ပါတယ်။ အဲဒါကြောင့်မို့လို့ Gender equality women empowerment လုပ်နေတဲ့ လုပ်ငန်းများဟာလည်း funding ရနိုင်ပါတယ်။ အဲဒီကနေ ချဉ်းကပ်ပြီးတော့မှ all for proposal - proposal တွေတင်တဲ့ဖို့ခေါ်တဲ့အချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် funding ရနိုင်တဲ့အနေအထားတွေ ရှိနိုင်ပါတယ်။

မအိသန့်စင်။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီ funding တွေရလာတော့ရော ဘယ်သူတွေရဲ့ ပိုက်ဆံတွေနဲ့ ရန်ပုံငွေတွေ ပေးတာလဲရှင့်။

ဒေါက်တာမျိုးမြင့်အောင်။ ။ အဓိက-ကတော့ Gates Foundation ပေါ့နော်- Bill Gates-Melinda Gates ကနေပြီးတော့ ကမကထပြုပြီးတော့ ကမ္ဘာမှာအကြီးဆုံး philanthropy organization ဖြစ်ပါတယ်၊ အဲဒီ funding တွေနဲ့ အဓိက သွားတာပါ။ သို့သော်လည်းပဲ တကမ္ဘာလုံးဆိုင်ရာသတ်မှတ်ထားတဲ့ sustainable development goals တွေရောက်ဖို့ဆိုရင် philanthropy တွေဖြစ်တဲ့ Gates Foundation လို အဖွဲ့အစည်းတခုတည်းရဲ့အားနဲ့တော့ မရပါဘူး။ များသောအားဖြင့် ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကြမယ်ဆိုရင် Multi-literal ပေါ့နော်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာမှာရှိတဲ့အစိုးရတွေရဲ့ ဘတ်ဂျက်ထဲကနေ စိုက်ထုတ်ပြီးတော့မှလည်း ဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ တကယ်လိုအပ်နေတဲ့သူတွေမှာ ကျန်းမာရေးအခြေအနေတွေ၊ ပညာရေးအခြေအနေတွေ အခုနက gender equality ပေါ့နော်၊ စသဖြင့် ဒီလိုခေါင်းစဉ်တွေမှာ တိုးတက်လာအောင် ဝိုင်းလှူတဲ့အလှူငွေတွေ၊ အလှူရှင်တွေရဲ့ငွေတွေလည်း လိုပါတယ်။

ကျနော်သတိထားမိသလောက်ကတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီတွေဝင်လာတဲ့ funding ပမာဏကလည်း လျော့ကျလာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ပြောချင်တာကတော့ အခု sustainable development goals တွေရောက်ဖို့အတွက်ကို ကျနော်တို့က တဝက်လောက်ရောက်နေပြီ။ တဝက်လောက်ရောက်တဲ့အချိန်မှာ ရောက်သင့်ရောက်ထိုက်တဲ့နေရာကိုမရောက်ဘဲနဲ့ နောက်ကျနေတာမျိုး၊ အရှိန်အဟုန်နည်းသွားတာမျိုးတွေကို ကျနော်တို့တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ ကြိုးစားထားတာတွေကိုလည်း နှစ်ဆကြိုးစားဖို့ လိုပါတယ်။ funding ရတဲ့နေရာမှာလည်း ဒီ Gates fundation အပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီတွေ၊ ပြီးရင် ကျနော်တို့နဲ့လက်တွဲပြီးတော့ ဆောင်ရွက်နိုင်မယ့် ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံရဲ့ အစိုးရရဲ့အကူအညီတွေ ..ဒါတွေအားလုံးကိုယူမှသာလျှင် ကျနော်တို့နိုင်ငံရဲ့ လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မအိသန့်စင်။ ။ ဟုတ်ကဲ့ပါရှင့်၊ အခုလို ဗွီအိုအေကို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒေါက်တာမျိုးမြင့်အောင်။ ။ ဟုတ်ကဲ့၊ အခုလို မေးမြန်းပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG