သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ


George Floydရဲ့ အသုဘ အခမ်းအနား
George Floydရဲ့ အသုဘ အခမ်းအနား

(Zawgyi/Unicode)

မေလ ၂၅ ရက်နေ့က ရဲတွေ ဖမ်းထားစဉ် သေဆုံးခဲ့ရတဲ့ အာဖရိကန် - အမေရိကန်အမျိုးသား George Floyd အတွက် အောက်မေ့ဖွယ် အခမ်းအနား အများအပြား လုပ်ဖို့ ရှိတဲ့ထဲက ပထမဆုံး အခမ်းနားကို Minneapolis မြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။

လူဖြူရဲတွေ နဲ့ ရင်ဆိုင်ရတဲ့ လူမည်း အမေရိကန် နိုင်ငံသား အများအပြား သေဆုံးခဲ့ရတဲ့ ထဲက နောက်ဆုံး ဖြစ်ရပ်တခု ဖြစ်တဲ့ Floyd သေဆုံးရမှု ကနေ အမေရိကန် နိုင်ငံမှာ တရားမျှတမှုနဲ့အတူ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ နိုင်ငံတဝှမ်း သီတင်းတပတ်ကျော်ကြာ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ မိသားစု နဲ့ မိတ်ဆွေတွေရဲ့ သီးသန့် အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်ရေး လှုပ်ရှားမှု ဦးဆောင်သူ တဦးဖြစ်တဲ့ ခရစ်ယာန် တရားဟောဆရာ Al Sharpton က ဦးစီးပြီး North Central University တက္ကသိုလ် ဝင်းထဲမှာ ကျင်းပခဲ့တာပါ။ အခမ်းအနား မကျင်းပခင် မှာ Sharpton က ရဲတွေရဲ့ တရားမ ျှတမှု မရှိတဲ့ ခွဲခြားဆက်ဆံမှု ကြောင့် သေဆုံးရသူတွေ အများအပြား ကို သတိရ အောက်မေ့နေမှာ ဖြစ်ကြောင်း ဆိုရှယ် မီဒီယာမှာ ရေးပါတယ်။

အသုဘ အခမ်းအနားမှာ Floyd ကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူ ပန်းချီကား နဲ့ အတူ၊ ပန်းတွေ နဲ့ တန်ဆာဆင်ထားတဲ့ သူ့ရဲ့ ရွှေအခေါင်း ကို တွေ့ရပါတယ်။ ဒီအခမ်းအနားကို နယူးရောက်က Floyd ရဲ့ အကို ဖြစ်သူလည်း တက်ရောက်လာပြီး အခမ်းအနားမှာ နယူးရောက် ရှေ့နေချုပ် Leticia James နဲ့ အောက်လွှတ်တော်အမျိုးသမီး အမတ် Yvette Clarke တို့လည်း မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အသုဘရှု အခမ်းအနားကိုတော့ စနေနေ့မှာ Floyd ရဲ့ ဇာတိဖြစ်တဲ့ မြောက်ကာရိုလိုင်းနားမှာ ကျင်းပမှာ ဖြစ်သလို တနင်္လာနေ့မှာတော့ သူကြီးပြင်းခဲ့တဲ့ Huston မှာ အခမ်းအနား ကြီးတခု ကျင်းပဖို့ ရှိပါတယ်။

ဝါရှင်တန် ဒီစီမှာတော့ အထက်လွှတ်တော် ဒီမိုကရက်တစ် ပါတီဝင်တွေက ကြာသပတေးနေ့ အစောပိုင်းမှာ လွှတ်တော်က လွတ်မြောက်ခြင်းခန်းမမှာ စုဝေးခဲ့ပြီး Floyd ကို ရဲက ဒူးနဲ့ချုပ်ထားတဲ့ ၈ မိနစ် ၄၆ စက္ကန့်ကြာ ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

Floyd သေဆုံးမှုကနေ Minneapolis မြို့ ဆန္ဒပြမှုဟာ အမေရိကန် တဝှမ်းကိုပါ ပြန့်နှံ့သွားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ကတော့ Floyd ကို ဖမ်းဆီးခဲ့တဲ့ ရဲ ၃ ဦးကိုပါ အပြစ်နဲ့ စွဲချက်တင်ခဲ့တဲ့ အတွက် ဆန္ဒပြသူတွေက ကြိုဆိုခဲ့ကြသလို မြို့ကြီးအတော်များများမှာ ပြန်ပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်လာခဲ့ပါတယ်။

ပြည်သူထောင်နဲ့ချီပြီး သမ္မတအိမ်ဖြူရှေ့နဲ့ လွှတ်တော်ရှေ့တွေမှာ ဆန္ဒပြခဲ့တဲ့ ဝါရှင်တန်ဒီစီမှာတော့ နည်းနည်း ပြန်အေးချမ်းလာတဲ့အတွက် မြို့တော်ဝန်က ညမထွက်ရ ကာဖျူး အမိန့်ကို ည ၇ နာရီ မှာ စတင်ဖို့ ထုတ်ပြန်ထားတာကို ၁၁ နာရီ အထိ တိုးပေးခဲ့ပါတယ်။ တခြားမြို့ကြီး အတော်များများ မှာလည်း တချို့က ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို ပြန်ရုပ်သိမ်းဖို့ ပြင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)









XS
SM
MD
LG