သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိအပေါ် စွဲချက် တိုးမြှင့်


George Floyd သေဆုံးမှုမှာတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin
George Floyd သေဆုံးမှုမှာတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်က လူအမည်းအမျိုးသား George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကို အရင်က စွဲထားတဲ့ တတိယအဆင့် လူသတ်မှုကနေ ဒုတိယအဆင့် လူသတ်မှုစွဲချက်အဖြစ် ပြောင်းလဲတိုးမြှင့်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အခြား တာဝန်ရှိတဲ့ ရဲအရာရှိဟောင်းသုံဦးကိုလည်း ဒုတိယအဆင့် လူသတ်မှုမြောက်အောင် အားပေးကူညီမှု ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။

Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison
Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison

အခုလို ရဲအရာဟောင်းလေးဦးအပေါ် ပြည်နယ်အစိုးရဘက်က စွဲချက်အသစ်တွေတင်ပြီး အရေးယူမယ့် လုပ်ရပ်က George Floyd သေဆုံးမှုမှာ တရားမျှတရေး နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေကို ဘယ်လောက်ထိ ငြိမ်သက်သွားနိုင်မလဲ။ George Floyd မိသားစုဘက်ကရော ကျေနပ်နိုင်မလား။

လက်ရှိအရေးပေါ်ဖြစ်နေတဲ့ အမေရိကန်က လူထုဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်တင်ပြနေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်း။ ။ ဒီဆက်သွယ်မေးမြန်းမှု မတိုင်ခင်မှာ မိနစ်ပိုင်းအတွင်းမှာ Minnesota ပြည်နယ်မှာ George Floyd သေဆုံးသွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ပြည်နယ်ရှေ့နေချုပ်ကနေ သတင်းစာ ရှင်းလင်းပွဲ လုပ်သွားပါတယ်။ အထူးသဖြင့် George Floyd သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ တာဝန်အရှိဆုံး ရဲအရာရှိ အပေါ်မှာ စွဲချက်တင်ထားတဲ့ Third degree murder ကနေပြီးတော့ Second degree murder အဖြစ်ကို တိုးမြှင့်ပြီး စွဲချက်တင်လိုက်ပါတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးပါရှင့်။

ဦးကျော်ဇံသာ။ ။ အမေရိကန်ပြည်ထောင်စု အထူးသဖြင့် Minnesota ပြည်နယ်ရဲ့ ဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူသတ်မှု ၃ ဆင့် ၊ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ဆိုတာ ရှိပါတယ်။ ပထမအဆင့် ဆိုတာဟာ မလို မုန်းတီးတဲ့ စိတ်ကြိုတင်ရှိပြီးတော့ ကြိုတင်ကြံစည် ပြီးတော့ သတ်တဲ့ကိစ္စပါ ဒါက ပထမအဆင့် လူသတ်မှု ဖြစ်ပါတယ်။

ဒုတိယအဆင့် လူသတ်မှုကတော့ မလိုမုန်းတီးတဲ့ စိတ်နဲ့ ကြိုတင်ကြံစည် စရာမလိုဘူး ။ လုပ်လိုက်ရင် သေသွားနိုင်တယ်ဆိုတာ သိပြီးတော့ လုပ်လိုက်တာ ။ ဥပမာ အားဖြင့် လူအုပ်ထဲကို သေနတ်နဲ့ ပစ်လိုက်တယ် ဘယ်သူ့ကိုမှ မုန်းလို့ မဟုတ်ဘူး ။ ဒါပေမယ့် သေနတ်နဲ့ ပစ်ရင် သေမှာပဲဆိုတာ သိနေတယ် အဲဒီလိုလုပ်ရင် ဒုတိယအဆင့် လူသတ်မှုမြောက်လို့ စွဲချက်တင်နိုင်ပါတယ်။

တတိယအဆင့် ကတော့ အဲဒီ ၂ ခုလောက် မပြင်းထန်ဘူး ၊ ပြစ်မှုကို ကူးလွန်တာဖြစ်တယ် ။ ဒါပေမယ့် ကြိုတင်ကြံစည်တာတွေ ၊ မလို မုန်းတီးတာတွေ မပါပဲ ဖြစ်သွားတဲ့ လူသတ်မှုလို့ ခေါ်တယ် အဲဒီလို ၃ ဆင့် ခွဲထားပါတယ်။ အဲဒီအထဲမှာ အခုက အရင် တတိယအဆင့်နဲ့ စွဲထားတာကနေ ဒုတိယအဆင့် လုပ်လိုက်ရင် သေမယ်ဆိုတာ သိရဲ့သားနဲ့ လုပ်တယ်ဆိုတာနဲ့ စွဲဆိုမှုကို အဆင့်မြှင့်လိုက်တာ ဖြစ်ပါတယ်။

မအင်ကြင်း။ ။ နောက်တချက်က George Floyd ကို ဖမ်းတဲ့အချိန်မှာ အားလုံးပေါင်း ရဲအရာရှိ ၄ ယောက်ပေါ့နော်။ ကျန်တဲ့ ၃ ယောက်ကိုလည်း အခု စွဲချက်အသစ်တွေ ထပ်ပြီးတော့ တင်လိုက်တယ်။ အဲဒီအပေါ်မှာရော အန်ကယ် ရှင်းပြပေးပါ။

ဦးကျော်ဇံသာ။ ။ အဲဒီ ၃ ယောက်မှာ တယောက်ကိုတော့ အခုပြီးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ် ဒုတိယ ရဲမင်းကြီးက ပြောသွားတယ် ၊ တယောက်ကတော့ ဖမ်းပြီးပြီ ကျန်တဲ့ ၂ ယောက်ကိုလည်း ဒီညနေ ဖမ်းဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီ ၃ ယောက်ကို တင်တဲ့စွဲချက်ကတော့ ဒုတိယအဆင့်လူသတ်မှု ကျူးလွန်တဲ့ ကိစ္စမှာ အားပေးကူညီမှုနဲ့ သူတို့ကို စွဲဖို့ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ကလည်း ဘယ်လိုပုံစံမျိုး လာမယ်ဆိုတာကတော့ စောစောကပြောသလို တရားရုံးမှာ ဆက်ပြီးလုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဆိုတော့ ၄ ယောက်လုံး တရားစွဲဆိုခံရမယ့်သဘော ၊ အမှုကို ရင်ဆိုင်ရတော့မယ့်သဘောဖြစ်ပါတယ်။

မအင်ကြင်း။ ။ ဒီလို စွဲချက်အသစ်တွေအပေါ်မှာ သေဆုံးသွားတဲ့ George Floyd ရဲ့ မိသားစုတွေဘက်က သူတို့ ဘယ်လို မြင်မလဲရှင့်။

ဦးကျော်ဇံသာ။ ။ အခု ပြည်နယ်ရှေ့နေချုပ် ထွက်ပြီးမပြောခင်မှာ ပြည်နယ် Governor က စွဲချက်တွေကို မြှင့်မယ်လို့ ကြိုပြီးတော့ ပြောထားတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီသတင်းကို အခြေခံပြီးတော့ George Floyd ရဲ့ မိသားစု ရှေ့နေက သတင်းထောက်တွေကို ပြောသွားတာ ကြားလိုက်ရပါတယ်။ သူတို့လိုချင်တာက ပထမအဆင့် လူသတ်မှုအထိ လိုချင်တယ် သို့သော်လည်း ပြည်နယ်ရှေ့နေချုပ်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း တက်တက်ကြွကြွဆောင်ရွက်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သူက ဒီကိစ္စကို ဆက်လက်ပြီး စဉ်းစားဦးမယ်ဆိုပြီး သူ့ကို ပြောတယ်ဆိုပြီးတော့ မိသားစု ရှေ့နေက ပြောသွားတာတွေ့ရပါတယ်။

ဒါပေမယ့် လောလောဆည်မှာတော့ ပထမအဆင့် လူသတ်မှုအဆင့်ဖြစ်တယ်ပေါ့ သူတို့ မျှော်မှန်းထားတာက။ သူတို့အတွက်ကတော့ တော်တော်လေး ကျေနပ်မယ့်ပုံရှိတယ်။ ရှေ့နေပြောတဲ့ စကားကို ကြည့်ချင်းအားဖြင့် သူတို့ လောလောဆည်မှာ တေ်ာတော်အားရကျေနပ်သွားမယ့် သဘောရှိတယ်လို့ ထင်ရပါတယ်။

မအင်ကြင်း။ ။ ဆိုတော့ လွှမ်းခြုံပြီးတော့ ကြည့်မယ်ဆိုရင ် Minnesota ပြည်နယ်ရှေ့နေချုပ် ပြည်နယ်အစိုးရဘက်ကနေပြီးတော့ George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး သူတို့ တရားရင်ဆိုင်ဖို့ ကိစ္စတွေ ၊ တရားစွဲဆိုတဲ့ ကိစ္စတွေ လုပ်ဆောင်ချက်တွေအပေါ်မှာ အဲဒါတွေက ဘယ်လောက်အထိ ငြိမ်သက်သွားနိုင်ဖို့ ရှိမလဲရှင့်။

ဦးကျော်ဇံသာ။ ။ အရှိန်လျှော့သွားမယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဒါကို စောင့်ကြည့်နေကြတာ ။အစက လုပ်ထားတာကို သူတို့ မကျေနပ်ဘူး ။ အခုတဆင့် တိုးမြင့်ပြီးတော့ အရေးယူဖို့ လုပ်လိုက်တယ်ဆိုတော့ တောင်းဆိုနေတဲ့ လူတွေရဲ့ စိတ်ထဲမှာတော့ နည်းနည်းပါးပါး ကျေနပ်မှု ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် Minnesota ပြည်နယ်ရှေ့နေချုပ်ပြောတဲ့ စကားမှာလည်းပါပါတယ် “ဒါက ငါတို့ သစ်ပင်တပင်ကို လှုပ်လိုက်တာပဲဖြစ်သေးတယ် ။ အသီးတွေတော့ ကြွေကျလာမှာပဲ ဒါပေမယ့် Institution တည်ဆောက်ရမယ် ။ ဒါမျိုး နောင်မှာ မဖြစ်ရအောင် Institution တည်ဆောက်ဖို့အထိ ဆက်ပြီးလုပ်ရမှာဖြစ်တယ်” ဆိုပြီး သူပြောသွားတာ တွေ့ရပါတယ်။ ဆိုတော့ ဆန္ဒပြတောင်းဆိုနေတဲ့ သူတွေကလည်း အဲလို လိုချင်မယ်တူပါတယ်။ဒီလို ခွဲခြားဆက်ဆံ ပြုမှုတာတွေကို သူတို့ မလိုချင်ဘူး၊ တန်းတူညီမျှမှုတွေ Equality ၊ Justice ကို အာမခံတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် Institution တွေ အခိုင်အမာ တည်ဆောက်နိုင်အောင်အထိ သူတို့ တောင်းဆိုမယ်လို့ ထင်ပါတယ်။ ပြင်းပြင်းထန်ထန် စည်းရုံးတာတွေ မဟုတ်ရင်တောင်မှ တနည်းနည်းနဲ့ ဆက်ပြီးတော့ ကြိုးပမ်း မယ်လို့ထင်ပါတယ်။

မအင်ကြင်း။ ။ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။

အမေရိကန်က လူထုဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်တင်ပြနေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


.............



(Unicode)


















ဆက်စပ်သတင်းများ ...

XS
SM
MD
LG