သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ဒီစီမှာ ကျင်းပမယ့် ကန်သမ္မတဟောင်းရဲ့ နိုင်ငံတော်ဈာပန


ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း George H. W. Bush ရဲ့ ဈာပန အခမ်းအနားကို ဝါရှင်တန်မြို့တော်က အမျိုးသားဘုရားကျောင်းမှာ ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာ ကျင်းပပြီး၊ ရုပ်အလောင်းကို သင်္ဂြိုလ်ဖို့ Texas ပြည်နယ်ပြန်လည် သယ်ဆောင်မှာ ဖြစ်ပါတယ်။ အမေရိကန်ကွန်ကရက်လွှတ်တော်အဆောက်အဦးမှာ တနင်္လာနေ့ညနေ ကနေ ဒီနေ့ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအထိ ဂုဏ်ပြုထားရှိတဲ့ အမေရိကန်ရဲ့ ၄၁ ယောက်မြောက် သမ္မတရဲ့ ရုပ်အလောင်းကို ထောင်သောင်းချီတဲ့ လူထုက လာရောက် ဂါရဝပြုနေကြပါတယ်။ ကွန်ကရက်လွှတ်တော်ရဲ့ ဗဟိုပင်မခန်းမဆောင်ကြီးမှာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သာမန်ပြည်သူတွေက သူတို့ရဲ့ သမ္မတဟောင်းကို အတူတကွ လာရောက်ဂါရဝပြုနေကြတဲ့အကြောင်း၊ Zlatika Hoke က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

နိုင်ငံတော်ဈာပနအခမ်းအနားကို အမျိုးသားဘုရားကျောင်းမှာ ဒီနေ့ဗုဒ္ဓဟူးနေ့ မှာ မကျင်းပမှီ၊ သမ္မတ George H. W. Bush ရဲ့ ရုပ်အလောင်းကို ကွန်ကရက်လွှတ်တော်မှာ ဂါရဝပြုခံဖို့ ဂုဏ်ပြုထားရှိပါတယ်။ ယေဘူယျအားဖြင့်၊ အေးဆေးတာငြိမ်ပြီး အကြင်နာတရားရှိပေမဲ့၊ ရဲရင့်သတ္တိရှိတဲ့ အမေရိကန်သမ္မတဟောင်းကို ပြည်သူတွေက နောက်ဆုံးအနေနဲ့ ဂါရဝပြုကြဖို့ စည်းကမ်းသေဝပ်စွာ တန်းစီနေတာတွေ့ရပါတယ်။ သမ္မတရဲ့ ဇာတိ Texas ပြည်နယ်ကလာသူ တယောက်ကတော့။

“အော်…ကျနော်က Texas ကပါ။ သမ္မတကလည်း Texas ကဆိုတာ အားလုံးသိကြမှာပါ။ သူကတော့ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။ သူက နှစ်တွေအတော်ကြာကြာ၊ ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တာပါ။”

Illinois ပြည်နယ်၊ Chicago မြို့ကလာသူတယောက်ကတော့၊ George H. W. Bush ၄၁ ဦးမြောက် သမ္မတတာဝန်ထမ်းဆောင်ချိန်မှာ၊ သတင်းတွေက သူကောင်းတာ လုပ်ခဲ့တာတွေကို သိပ်မဖေါ်ပြခဲ့ကြဘူးလို့ ပြောပါတယ်။

“ကျနော်တို့ သူ့ကို သတိရအောင်းမေ့နေမှာပါ။ သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ပုံစံကိုပေါ့။ အခုမှ သတင်းမီဒီယာတွေက သူဟာ တကယ်ကြီးမြတ်တယ်၊ မြင့်မြတ်တယ်ပြောနေကြတာ၊ သူ သမ္မတဘဝတုန်းကတော့ သူ့ကို အကြီးအကျယ် ဝေဖန်ခဲ့ကြတာပါ။”

အမေရိကန်အရှေ့မြောက်ပိုင်း Maine ပြည်နယ်ကလာတဲ့ အငြိမ်းစားပြည်သူ့ ဝန်ထမ်းကတော့

“ သူဟာ စစ်ပြန်သူရဲကောင်းတယောက်လည်းဖြစ်၊ ကြီးမြတ်တဲ့ သမ္မတ တယောက်လည်းဖြစ်ပါတယ်။ သူ့အစိုးရလက်ထက်မှာရော၊ သူ့သားလက်ထက်မှာရော ကျနော်တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့၊ ဒီကိုလာပြီး ဂါရဝပြုတာ ကျနော့်အတွက် သိပ်အနှစ်သာရရှိတာပေါ့ဗျာ။”

သမ္မတ Bush လက်ထက်တုန်းက သူအထက်တန်းကျောင်းတက်နေတုန်း ပဲရှိသေးတယ်လို့ ပြောလာသူကတော့ မေရီလန်းပြည်နယ်ကနေ ဂါရဝလာပြုတာပါတဲ့။

“ သမ္မတ Bush ကတော့ Republican သမ္မတတွေထဲမှာ သဘောထားပျော့ပြောင်းတဲ့ နောက်ဆုံးသမ္မတတယောက်လို့ ကျနော် ယူဆပါတယ်။”

ကွန်ကရက်လွှတ်တော်ရဲ့ ဗဟိုပင်မခန်းမဆောင်ကြီးမှာ တနင်္လာနေ့ညနေပိုင်းကစပြီး ဂုဏ်ပြုထားရှိတဲ့သမ္မတရုက်အလောင်းကို ထောင်သောင်းချီတဲ့ပြည်သူတွေ ဂါရ ဝပြုခဲ့ကြပါတယ်။ Republican သမ္မတလောင်းအဖြစ်ပြိုင်ဘက်ဖြစ်ခဲ့ဘူးသူ၊ ဘီးတပ် ကုလားထိုင်နဲ့ လာရောက်သူ အထက်လွှတ်တော်အမတ်ဟောင်း Bob Dole အပါအဝင်၊ စစ်ပြန် သူရဲကောင်းတွေနဲ့ ဝါရင့် နိုင်ငံရေးသမားတွေလည်း မနေ့က အင်္ဂါနေ့က လာရောက် ဂါရဝပြုကြပါတယ်။

သမ္မတ Bush ကို အနီးကပ်စောင့်ရှောက်ခဲ့တဲ့ Sully ဆိုတဲ့ ခွေးကလေးကလည်း သူ့သခင် ကို လာရောက်နှုတ်ဆက်ရှာပါတယ်။

သမ္မတထရမ့်နဲ့ ဇနီး Melania တို့ကလည်း ကွန်ကရက်လွှတ်တော် ခန်းမမှာထားရှိတဲ့ သမ္မတ Bush ရုပ်အလောင်းကို တနင်္လာနေ့ညပိုင်းကလာရောက်ဂါရဝပြုခဲ့ကြပါတယ်။ အမျိုးသားဘုရားကျောင်းမှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် နိုင်ငံတော် ဈာပနအခမ်းအနားကိုသမ္မတ Trump တက်ရောက်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG