သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသံရုံး နျူအစီအစဉ်အတွက် လုပ်နေတယ်လို့ ဂျာမန်ထောက်လှမ်းရေးစွပ်စွဲ


ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ရှိ မြောက်ကိုရီးယားသံရုံး မြင်ကွင်းတစိတ်တပိုင်း။ ၁၀ မေ ၂၀၁၇။
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ရှိ မြောက်ကိုရီးယားသံရုံး မြင်ကွင်းတစိတ်တပိုင်း။ ၁၀ မေ ၂၀၁၇။

မြောက်ကိုရီးယားက နျူကလီယားနဲ့ လက်နက်အစီစဉ်တွေအတွက် လိုအပ်တဲ့ပစ္စည်းနဲ့ နည်းပညာတွေကို ဂျာမနီမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးကနေတဆင့် ရအောင်ယူနေတာ တွေ့ရတယ်လို့ ဂျာမနီ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့တခုရဲ့ အကြီးအကဲက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီသံရုံးကနေတဆင့် အတော်များများ ဝယ်ယူနေတာကို သူတို့အဖွဲ့က သတိထားမိခဲ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးဆိုင်ရာ ပြည်ထောင်စုရုံး BfV ရဲ့ အကြီးအကဲ Hans-Georg Maassen က ပြောပါတယ်။

အခုလို လုပ်နေတာဟာ ဒုံးကျည်အစီအစဉ်အတွက်ဖြစ်သလို နျူကလီယားအစီအစဉ်အတွက်ပါ တစိတ်တပိုင်း ပါနိုင်တယ်လို့ သူတို့အဖွဲ့ကမြင်ကြောင်း တနင်္လာနေ့မှာထုတ်လွှင့်မယ့် ဂျာမနီ ရုပ်သံလိုင်း ARD နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ Maassen က ပြောပါတယ်။ ဒီမေးမြန်းခန်းထဲက တချို့ကို ကောက်နုတ်ပြီး စနေနေ့က ထုတ်ပြန်တာပါ။ ဘယ်လိုနည်းပညာမျိုး ဆိုတာကို အတိအကျ မသိရပေမယ့် ဒါဟာ အရပ်ဘက်နဲ့ စစ်ဘက်မှာ သုံးနိုင်တာမျိုးလို့လည်း Maassen က ပြောပါတယ်။

အခုလိုမျိုး နည်းပညာတွေ ရယူနေတာကို BfV အဖွဲ့က ၂၀၁၆ နဲ့ ၂၀၁၇ နှစ်တွေမှာလည်း ခြေရာခံမိခဲ့တယ်လို့ ARD ရုပ်သံလိုင်းက ပြောပါတယ်။ ၂၀၁၄ မှာ မြောက်ကိုရီးယား သံတမန် တဦးဟာ ဓာတုလက်နက်ထုတ်လုပ်ရာမှာသုံးတဲ့ စက်ပစ္စည်းတွေရယူဖို့ ကြိုးစားခဲ့တယ်လို့လည်း ပြောပါတယ်။

သောကြာနေ့မှာပဲ ကုလသမဂ္ဂလက်အောက်ခံ သီးခြားစောင့်ကြည့်လေ့လာတဲ့အဖွဲ့ရဲ့ လျှို့ဝှက်အစီရင်ခံစာတစောင် အပြင်ကိုပေါက်ထွက်လာပြီး အဲဒီထဲမှာ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂက အရေးယူချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖောက်ဖျက်ပြီး တားမြစ်ထားတဲ့ ကုန်စည်၊ လက်နက် စတာတွေ ရောင်းချမှုကနေ ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ လောက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ မြန်မာ၊ ဆီးရီးယားနိုင်ငံတွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ အဲဒီ စောင့်ကြည့်လေ့လာတဲ့အဖွ့ဲကပြောပါတယ်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်ကတော့ မြန်မာအစိုးရအနေနဲ့ လက်နက် ကိစ္စအပါအဝင် ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ မြောက်ကိုရီးယားအစိုးရနဲ့ အဆက်အဆံ မရှိကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ လိုက်နာနေ ကြောင်း ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG