သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဖြစ်ရပ်ကို ကြည့်ပြီး ဂျာမနီပါလီမန် လုံခြုံရေးတိုးမြှင့်ဖို့ စီစဉ်


ဂျာမနီလွှတ်တော်အဆောက်အဦ။ (မတ် ၅၊ ၂၀၁၃)
ဂျာမနီလွှတ်တော်အဆောက်အဦ။ (မတ် ၅၊ ၂၀၁၃)

(Zawgyi / Unicode)

အမေရိကန်လွှတ်တော်ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲ အတင်းဝင်ရောက်စီးနင်းမှု ဖြစ်ပွါးခဲ့တဲ့နောက်မှာ ဂျာမနီလွှတ်တော်အတွက် လုံခြုံရေးတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌ Wolfgang Schäuble က လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

လွှတ်တော်အမတ်တွေဆီ လွှတ်တော်ဥက္ကဋ္ဌ Schäuble က စာပေးပို့ခဲ့တာဖြစ်ပြီး စာထဲမှ Reichstag လွှတ်တော်အဆောက်အဦတဝိုက် လုံခြုံရေးတွေ တိုးမြှင့်ဖို့ ဘာလင်ရဲတွေ စီစဉ်နေတယ်လို့ ပြောကြောင်း ဂျာမနီက Bild am Sonntag အပတ်စဉ်သတင်းမှာ ဖော်ပြထားပါတယ်။

လွှတ်တော်ပြောခွင့်ရ အမျိုးသမီးကလည်း လွှတ်တော်ဥက္ကဋ္ဌက လက်ရှိအခြေနေနဲ့ ပတ်သက်ပြီး အမတ်တွေဆီ စာရေးအကြောင်းကြားခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် စာပါအသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒါ့အပြင် အမေရိကန်လွှတ်တော်ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ပေးအပ်ဖို့ လွှတ်တော်ဥက္ကဋ္ဌ Schäuble က နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြထားသလို ဒီဖြစ်ရပ်ကနေ ဂျာမနီလွှတ်တော် လုံခြုံရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ဗဟိုအစိုးရနဲ့ ဘာလင်ခရိုင်က ရှင်းလင်းတင်ပြဖို့ပါ ပါရှိပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ သမ္မတ Donald Trump ကို ထောက်ခံသူ ဒေါသထွက်နေတဲ့ လူအုပ်က ဗုဒ္ဓဟူးနေ့မှာ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွါးခဲ့သလို ဒီဖြစ်ရပ်ကနေ ရဲတဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဘာလင်မှာလည်း ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွါးအောင် ထုတ်ပြန်တဲ့ တားမြစ်ကန့်သတ်ချက်တွေကို မကျေနပ်တဲ့ ဆန္ဒပြသူတွေက သြဂုတ်လထဲမှာ လွှတ်တော်အဆောက်အဦထဲဝင်ဖို့ ကြိုစားခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)








XS
SM
MD
LG