သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ် ဂျာမန်ပြည်သူ သောင်းနဲ့ချီ ဆန့်ကျင်ဆန္ဒပြ


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာပြုလုပ်တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲ။ (မတ် ၁၃၊ ၂၀၂၂)
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာပြုလုပ်တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲ။ (မတ် ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မှာ တနင်္ဂနွေနေ့က ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးအပါအဝင် ဂျာမန်ပြည်သူပေါင်း ၃၀,၀၀၀ အထိ လမ်းမတွေမှာ ယူကရိန်းအလံတွေ ဝှေ့ယမ်း ဆန္ဒပြခဲ့ကြပါတယ်။ ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ လမ်းမတွေတလျှောက် ကြွေးကြော်သံတွေ၊ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အေးကာလအတွင်း ဂျာမနီဟာ အရှေ့နဲ့အနောက် နှစ်ခြမ်းကွဲခဲ့တာကို ကိုယ်စားပြုတဲ့ ဘရန်ဒင်ဘာ့ဂ်ဂိတ်အနီးမှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့အထဲမှာ ဘီးတပ်ကုလားထိုင်နဲ့ မသန်စွမ်းသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ပိုစတာတွေနဲ့ နဖူးစည်းတွေမှာ "Stop Putin" "စစ်ပွဲရပ်" "ရုရှားစစ်သားများ အိမ်ပြန်ကြ" နဲ့ "ယူကရိန်းနှင့်အတူ စည်းလုံးညီညွတ်ရေး" စတာတွေ ပါဝင်ပါတယ်။

ဂျာမနီပြည်သူတွေအနနဲ့ ယူကရိန်းတွေ စစ်ဒုက္ခခံစားနေရတာကို မေ့ပျောက် လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ ဆန္ဒပြသူတဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဆန္ဒပြသူတချို့ဟာ ယူကရိန်းကို လက်နက်တွေ ပေးပို့တာကိုတောင် ထောက်ခံခဲ့ကြပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ဒုတိယကမ္ဘာစစ်အပြီး ပဋိပက္ခဇုန်တွေကို လက်နက်မထောက်ပံံံံ့ဖို့ တားမြစ်ချက်ကို ဂျာမနီဟာ ချိုးဖောက်ခဲ့ပြီး ယူကရိန်းကို တင့်ကားဖျက် လက်နက်တွေနဲ့ မြေပြင်က ဝေဟင်ပစ် Stinger ဒုံးကျည်တွေ ပေးပို့နေတာ ဖြစ်ပါတယ်။

စီးပွားရေးကို ထိခိုက်စေဖို့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာဟာ အရေးကြီးသလို အခုစစ်ပွဲအတွင်း ယူကရိန်းစစ်တပ်အတွက် အကောင်းဆုံး အကူအညီအဖြစ် အခုလို လက်နက်တွေ ထောက်ပံ့တာကို သူတို့လက်ခံတဲ့အကြောင်း အခြားဆန္ဒပြသူတဦးကလည်း ပြောပါတယ်။

ရုရှားဘက်ကတော့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို အထူးစစ်ဆင်ရေးအဖြစ်သာ ခေါ်ဆိုပြီး နယ်မြေသိမ်းပိုက်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ သူ့အိမ်နီးချင်းနိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးဖို့နဲ့ de-Nazify နာဇီလွှမ်းမိုးမှုကို ဖယ်ရှားဖို့ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG