သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ကန်မယ့် မြန်မာ့လက်ရွေးစင်အသင်း လူထုနဲ့အတူရပ်တည်ကြောင်းပြဖို့ လက်ရွေးစင်ဂိုးသမားတိုက်တွန်း


ဂိုးသမား ကျော်ဇင်ထက် (Photo by BAY ISMOYO / AFP)
ဂိုးသမား ကျော်ဇင်ထက် (Photo by BAY ISMOYO / AFP)

{{Zawgyi/Unicode}}

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ခွင့်အတွက် ဂျပန်အသင်းနဲ့ ခြေစစ်ပွဲကန်ရမယ့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းသားတွေအနေနဲ့ မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ပြသကြဖို့ ပြိုင်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတဲ့ လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်က တိုက်တွန်းတဲ့အကြောင်း AFP သတင်းမှာရေးထားပါတယ်။

ဒါပေမယ့်လည်း လက်ရွေးစင်အသင်းနည်းပြ Antoine Hey ကတော့ သူတို့အသင်းအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာ လုပ်ဆောင်မှာဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ "သူတို့နဲ့ ဘာမှမဆိုင်ဘူး" လို့ တုံ့ပြန် ပြောဆိုပါတယ်။

"FIFA ရဲ့ စည်းကမ်းချက်တွေက သိပ်ရှင်းပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲပဲဖြစ်ဖြစ်၊ တခြား ဘယ်လို ဘောလုံးပွဲပဲဖြစ်ဖြစ် ကစားနေချိန်အတွင်း နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေးနဲ့ပတ်သက်လို့ ဘယ်လို ဖော်ပြ ပြောဆိုချက်မျိုးကိုမှ FIFA က ခွင့်မပြုပါဘူး၊ ဒီစည်းကမ်းအတိုင်း ကျနော်တို့ လိုက်နာလုပ်ဆောင်သွားပါမယ်" လို့ မြန်မာလက်ရွေးစင်အသင်းနည်းပြ ဂျာမန်နိုင်ငံသား Antoine Hey ကပြောပါတယ်။

FIFA က အဲဒီလို စည်းကမ်းချထားပေမယ့်လည်း ဂျာမနီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံကို ဦးတည်ချက်ထားပြီးတော့ ပြီးခဲ့တဲ့မတ်လက အိုက်စ်လန်အသင်းနဲ့ ခြေစစ်ပွဲမကန်ခင် "Human Rights" စာတမ်းပါ တီရှပ်တွေကိုဝတ်ဆင်ခဲ့ကြပါတယ်။ ဒိန်းမတ်၊ နယ်သာလန်နဲ့ နော်ဝေးနိုင်ငံအသင်းတွေလည်း အလားတူ ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်အသင်းနဲ့ ခြေစစ်ပွဲကန်မယ့် မြန်မာ့လက်ရွေးစင်အသင်းမှာ ဂိုးသမား ကျော်ဇင်ထက်အပြင် နာမည်ကျော် ဘောလုံးသမားတွေဖြစ်ကြတဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့လည်း မပါဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

မြန်မာအသင်းဟာ ဂျပန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန်တို့နဲ့အတူ အုပ်စု F မှာ ပါနေတာဖြစ်ပြီး ဂျပန်နဲ့ခြေစစ်ပွဲက မနက်ဖြန် သောကြာနေ့မှာ ကစားရမှာဖြစ်ပါတယ်။

.....................................

{{Unicode}}







XS
SM
MD
LG