သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ ရွှေတြိဂံထုတ် စိတ်ကြွဆေး ၄ သန်းကျော် ဖမ်းမိ


ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း ချင်းရိုင်ပြည်နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း ချင်းရိုင်ပြည်နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မဲလောနယ်စပ်ကျေးရွာအနီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၄ သန်းကျော်၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်သူ လူ ၃၀ ကျော် ဖမ်းမိပြီး ပိုင်ဆိုင်မှုအဖြစ် ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ ထိုင်းအမှတ် ၅ ဒေသ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မဲလောနယ်စပ်ကျေးရွာအနီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၂ သန်း ၆ သိန်းပါတဲ့ ဆာလာအိတ် ၂၅ အိတ် ဖမ်းမိပြီးနောက် နောက်ဆက်တွဲအဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်အတွင်း စိတ်ကြွဆေးပြား ၄ သန်းကျော်ကို ထိုင်းအမှတ် ၅ ဒေသ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။

တဆက်တည်းမှာပဲ Ice မူးယစ်ဆေး ကီလို ၇၀ ကိုလည်း ဖမ်းမိခဲ့ပါတယ်။ ကာလတန်ဖိုး စုစုပေါင်းရင်တော့ သန်းပေါင်း ၉၀၀ လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဒီရက်ပိုင်းမှာပဲ ဖမ်းမိခဲ့တာပါ။ ဒီနောက်မှာတော့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်သူ တောင်ပေါ်တိုင်းရင်းသားတွေ အပါအဝင် လူ ၃၀ ကျော် ဖမ်းမိပြီး ပိုင်ဆိုင်မှုအဖြစ် ဘတ်သန်းပေါင်း ၁၀၀ ကျော်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ ထိုင်းအမှတ် ၅ ဒေသ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုသွားပါတယ်။

အမှတ် ၅ ဒေသ ရဲဗိုလ်ချုပ်က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“ချင်းရိုင်ဒေသအတွင်း တာဝန်ကျနေကြတဲ့ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေ အားလုံး အနေနဲ့ မူးယစ်ဆေးဝါးကွန်ရက် မှောင်ခိုလမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ တိုးမြှင့် ပြုလုပ်နေပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်နေသူတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖို့ စီစဉ်ပေးနေသူတွေ၊ မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်တင်သွင်းလာနေသူတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာပါ။ ဒီအတွက် လူအတော်များများကို အရေးယူမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နယ်စပ်ကျေးရွာက ပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်တာတွေ မလုပ်ကြဖို့ သတိပေးလိုပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း ချင်းရိုင်နယ်စပ်မှာ မူးယစ်ဂိုဏ်းနဲ့ ထိုင်းစစ်တပ်ကြား နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မူးယစ်မှောင်ခိုဂိုဏ်းဝင် ၆ ဦး အသေဖမ်းမိခဲ့ပါတယ်။ အဲဒီဒေသမှာတော့ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ထိုင်းစစ်တပ်တို့ မကြာခန တိုက်ပွဲတွေ ဖြစ်နေတာပါ။

ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းက ချင်းရိုင်ပြည်နယ်ထဲကတဆင့် ထိုင်းနိုင်ငံထဲကို စိတ်ကြွဆေးတွေ သန်းရာနဲ့ချီပြီး ဝင်ရောက်နေတဲ့ ပြည်နယ်တခုဖြစ်ပြီး ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးတွေကို မကြာခန ဖမ်းမိနေတာပါ။

ရွှေတြိဂံဒေသက မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG