သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်ခြားစောင့်တပ်နှင့် မူးယစ်ဂိုဏ်း ပစ်ခတ်မှုဖြစ်


နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ်မှာ စစ်ဆေးမခံဘဲ ကားမောင်းပြေးတဲ့ မူးယစ်မှောင်ခိုသမားနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့တာမှာ မူးယစ်မှောင်ခိုသမားတဦး သေဆုံးခဲ့ပြီး ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၆ သန်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်အတွင်းက မြန်မာနယ်စပ်နဲ့ ကပ်ရက် Mae Ai နယ်စပ်မြို့နယ် San Ton Mue ကျေးရွာအနီး နယ်ခြား ရဲစစ်ဆေးဂိတ် ရှိပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်ဘက်ကနေ မောင်းနှင်လာတဲ့ ကားတစီးဟာ နယ်ခြားစောင့်တပ် အမှတ် ၃၂၀၃ စစ်ဆေးဂိတ်ကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကတော့ တားဆီးစစ်ဆေးမှုကို မခံဘဲ မောင်းပြေးတဲ့ ကားနောက်ကို လိုက်ခဲ့ကြပါတယ်။

ကားမောင်းသူဟာ နောက်ကလိုက်လာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရင်း မူးယစ်မှောင်ခိုသမားတဦး သေဆုံးခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လမ်းဘေးထိုးကျနေတဲ့ Toyota Vigo pick-up ကားပေါ်မှာတော့ အပြာရောင် အိတ်ပေါင်း ၃၀ လောက် တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအိတ်တွေထဲကနေ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၆ သန်းကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိနေတာနဲ့ ပတ်သက်လို့ အမှတ် ၅ ဒေသ မူးယစ်ထိန်းချုပ်ရေးဗျူရိုက ရဲမှူး ပီရဝိချိုင်းက ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“မူးယစ်မှောင်ခိုသမားတွေကို လိုက်လံ ရှင်းလင်းနေရာမှာ အမှုနဲ့ ဆက်နွှယ်နေသူ အားလုံးကို ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအရ အဓိက မူးယစ်မှောင်ခို လုပ်သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။

ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ တနှစ်အတွင်း ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး သန်းပေါင်း ၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ ဦးနဲ့အတူ ပိုင်ဆိုင်မှုတန်ဖိုး ဘတ်သန်းပေါင်း ၆၀၀ ကျော်ကို နိုင်ငံတော်ပိုင် သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများကလည်း မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG